Tuesday, May 26, 2015

ယုံကြည်မှု နဲ့ အတုအပများ



ဒီနေ့နံက် Facebook ကို ဖွင့်မိတော့ Friend တစ်ဦးက ကောင်းကင်မှာ ရဟန္တာကြွနေသလိုမျိုးပုံကို ရှယ်ထားပြီး သူဒီလိုရှယ်တဲ့အတွက် ဘောလုံးပွဲလောင်းတာနိုင်တဲ့အကြောင်းတင်ထားတာ တွေ့လိုက်မိပါတယ်။  ပုံတွေကတော့ ထုံးစံအတိုင်း Photoshop အသုံးပြုပြီး လုပ်ထားတာ ဖြစ်မယ်လို့ ယူဆမိပါတယ်။ ဒီနေရာမှ တွေးချင်စရာက ပုံကို ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်ပြီး ရဟန္တာပုံလို့ တွေးထင်စရာဖြစ်အောင်လုပ်ပြီး လိမ်တဲ့ကိစ္စ နဲ့ ဒီရဟန္တာပုံကို Share လုပ်ရင် ဘောလုံးပွဲနိုင်တဲ့ဆိုတဲ့ သဘောကို တင်တာဖြစ်ပါတယ်။ ရဟန္တာပုံဟာ လောင်းကစားနိုင်အောင် အသုံးချရတဲ့ ပုံဖြစ်နေလား။ ဘာလို့များ လိမ်ကြပါလဲ။ လိမ်တာကို ယုံကြည်ပြီး လိုက်ပြီး Share လုပ်တဲ့ သူတွေကကော ဒါဟာ ဖြစ်နိုင် မဖြစ်နိုင် မစဉ်းစားမိကြဘူးလားလို့ တွေးမိပါတယ်။
ညောင်ဦးက အထင်ကရဘုရားဖြစ်တဲ့ ရွှေစည်းခုံစေတီ အရှေ့ဘက်မုဒ် မှာ ဓါတ်ပုံဆိုဒ်ကြီးနဲ့ နဂါးကြီးက ဘုရားကို ပတ်ဖူးတဲ့ ပုံဆိုပြီး ကျကျနန ချိတ်ထားတာရှိပါတယ်။ နံက် (၅း၀၀) နာရီခန့် ဖြစ်တဲ့ ကိစ္စဘာညာရေးထားတာတွေ့ပါတယ်။ လူတော်တော်များများ ယုံကြည်ကြတာတွေ့ပါတယ်။ ကျနော့် အမြင်ကတော့ ဒီလို ယုတ္တိမရှိတဲ့ ပုံမျိုး ဘုရားမှာ မရှိစေချင်ဘူး။ ပြီးတော့ ကမ္ဘာလှည့် ခရီးသည်တွေလာတဲ့ အရပ်ဖြစ်တဲ့ နေရာဖြစ်တဲ့ အတွက် ဒီလိုပုံမျိုး ပိုပြီး မရှိစေချင်ဘူး။ ဒီနိုင်ငံမှာ နေတဲ့ သူတွေဟာ ဆင်ခြင်တုံတရားနည်းပါးတယ်ဆိုတဲ့ အသိမျိုး သူတို့ မထင်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ရွှေစည်းခုံဘုရား မြောက်ဘက်မုဒ်ဘက်မှာ ကျောက်နဂါးကြီးဆိုပြီး လိမ်နေကြတာလည်း ရှိပါတယ်။ ဘုရားရင်ပြင်မှာဘုရားပတ်ဖူးနေသူတွေကို သူတို့ ကျောက်နဂါးကြီးရှိတယ် ထူးဆန်းတယ် ဘာညာပြောပြီး လူတွေကို ခေါ်တယ်။ ရောက်တော့ ကြည့်လိုက်ရင် ကျော်တိုင်လိုဟာမျိုးကို နတ်ကတော်တွေ သုံးတဲ့ အနီပတ်ကလေး ပတ်ပြီး နဂါးစာကျွေးတယ်ဆိုပြီး အဲ့ကျောက်တိုင်လိုဟာမျိုးကို ပူဇော်နေကြတယ်။ ကျောက်တိုင်ကတော့ အမောက်ယောင်ယောင်မျိုးနဲ့ပါ။ နဂါးစာကျွေးတယ် ဆိုပြီး ကော်ခွက်ကလေးထဲ ပေါင်မုန့် နဲ့ ပေါက်ပေါက်တွေရောထားတာကျွေးကြတယ်။ ပူဇော်ပါတယ်။ ပ, သပါတယ်ပေါ့။ တော်တော်ရောင်းလို့ အလုပ်ဖြစ်တယ်။ ကျနော့် သား(၄) နှစ်သားက ဖေဖေ ဘာလုပ်နေကြတာလဲတဲ့။ ကျနော်ကတော့ သူတို့ ရှေ့မှာပဲ အသံကျယ်ကျယ်နဲ့ လိမ်နေကြတာသားရေ လိမ်နေကြတာလို့။ (လိုက်ရိုက်လည်း ပြေးတာပေါ့ ဟီး)
          နောက်  ညောင်ဦးမှာပဲ။ အလိုတော်ပြည့် ဘုရားမှာ ပန်းကိုးမျိုးကပ်ပြီး ဆုတစ်မျိုးပဲ တောင်းဖို့ ဆုတောင်းပြည့်တယ်ဆိုတဲ့ အကြောင်း ပြောပြီး ဘုရားအတက်မှာပန်းသည်တွေ အော်ဟစ်ရောင်းနေတာ။ ကျနော်ကတော့ ဘုပြောခဲ့တယ်။ ပန်းကိုးမျိုးတောင် ကပ်ရတာ ဆုလည်း ကိုးမျိုးတောင်းမှာပဲလို့။ ပန်းသည်တွေကလည်း ဘုကြည့်ကြည့်ကြတာပေါ့။
          ညောင်ဦးဘက်မှာ တချို့သူတွေဆို သူတို့ ဆိုင်ကယ်မှာ နတ်ကန်တော့တဲ့ အနီပိတ်စလေးပတ်ထားတာတွေ့မိပါတယ်။ မေးကြည့်တော့ သူတို့ဆိုင်ကယ်နတ်ပြထားတာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ ကျနော်ကတော့ ထုံးစံအတိုင်း ဒီအနီပတ်ကလေး ပတ်ထားတော့ ဆိုင်ကယ်က ပိုပြေးသလားဆိုတော့ သူတို့က ဒီလူအတော်ဂွကျတဲ့သူပဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်။
          ငှက်ပစ်တောင်မှာ ဘုရားအကြောင်းလိုက်ရှင်းပြတဲ့ ကလေးတွေက နတ်နန်းရှေ့ရောက်ရင် ဦးလေး ကားတွေ ဆိုင်ကယ်တွေဝယ်ရင် ဒီနတ်နန်းမှာ နတ်ပြရတယ်လို့ ရှင်းပြရှာတယ်။ မပြပါဘူး ကလေးတို့ရာ ဦးလေးမှာ ဆိုင်ကယ်ပဲရှိတာ၊ အဲ့ဆိုင်ကယ်လည်း မိန်းမက ၀ယ်ပေးထားတာ။ နတ်ဝယ်ပေးထားတာမှ မဟုတ်တာလို့ ပြောတော့ ကလေးလေးက ဦးလေးသဘောပဲတဲ့ (ဟီး)။
          Facebook မှာလည်း အလိမ်အညာတွေနဲ့ လုပ်တဲ့သူတွေက လုပ်။ ကံကောင်းချင်လို့ Share တဲ့သူက Share နဲ့ပေါ့။ Email နဲ့ Viber မှာ တောင်ပုလုဆရာတော် ဘုရားရဲ့ အိပ်မက် ။ ကိုးဦးကို ဆက်ဝေပါ ဘာညာတွေ ရှိတယ်ဗျာ။ ကျနော့် မိတ်ဆွေ ပညာတတ်ကြီးတွေလည်း သေမှာ ကြောက်ပြီး ဝေတော့ ကျနော့်ထံကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာပေါ့။ အဲ့လိုမျိုးဆို စိတ်တိုချက်ဗျာ။    ပြောရရင် ချက်ကြီး စိတ်တိုတယ်ပေါ့ဗျာ။ အလိမ်အညာတွေ နဲ့ ယုံကြည်တဲ့သူရှိတော့ လောကကြီး အဆင်ပြေနေတာပါပဲ။ ဟော ကလေးကျူရှင် သွားကြိုလိုက်ဦးမယ်ဗျာ။ ဘွားတော်က ဟစ်နေပြီ။  :P