Wednesday, June 8, 2016

မှုန်ဝါးဝါး

ဘ၀ဟာ လွမ်းစရာတွေများတယ်.........
 မှုန်ဝါးဝါး နဲ့ အတိတ်ကို လွမ်းတယ်
 အမေ့အိမ်ကိုလွမ်းတယ်
သူငယ်ချင်းတွေကို လွမ်းတယ်
ဆွတ်ပျံ့ကြည်နူးဖွယ်အချိန်တွေကို လွမ်းတယ်
သံစဉ် နဲ့ လှပနေတဲ့ စမ်းချောင်းလေးကို လွမ်းတယ်
လွတ်သွားတဲ့ ရထားကို လွမ်းတယ်

.........
ဟုတ်ပါတယ် ကျနော်ဟာ အလွမ်းနာကျနေတဲ့ အိမ်အို တစ်လုံးပါ

Tuesday, May 26, 2015

ယုံကြည်မှု နဲ့ အတုအပများ



ဒီနေ့နံက် Facebook ကို ဖွင့်မိတော့ Friend တစ်ဦးက ကောင်းကင်မှာ ရဟန္တာကြွနေသလိုမျိုးပုံကို ရှယ်ထားပြီး သူဒီလိုရှယ်တဲ့အတွက် ဘောလုံးပွဲလောင်းတာနိုင်တဲ့အကြောင်းတင်ထားတာ တွေ့လိုက်မိပါတယ်။  ပုံတွေကတော့ ထုံးစံအတိုင်း Photoshop အသုံးပြုပြီး လုပ်ထားတာ ဖြစ်မယ်လို့ ယူဆမိပါတယ်။ ဒီနေရာမှ တွေးချင်စရာက ပုံကို ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်ပြီး ရဟန္တာပုံလို့ တွေးထင်စရာဖြစ်အောင်လုပ်ပြီး လိမ်တဲ့ကိစ္စ နဲ့ ဒီရဟန္တာပုံကို Share လုပ်ရင် ဘောလုံးပွဲနိုင်တဲ့ဆိုတဲ့ သဘောကို တင်တာဖြစ်ပါတယ်။ ရဟန္တာပုံဟာ လောင်းကစားနိုင်အောင် အသုံးချရတဲ့ ပုံဖြစ်နေလား။ ဘာလို့များ လိမ်ကြပါလဲ။ လိမ်တာကို ယုံကြည်ပြီး လိုက်ပြီး Share လုပ်တဲ့ သူတွေကကော ဒါဟာ ဖြစ်နိုင် မဖြစ်နိုင် မစဉ်းစားမိကြဘူးလားလို့ တွေးမိပါတယ်။
ညောင်ဦးက အထင်ကရဘုရားဖြစ်တဲ့ ရွှေစည်းခုံစေတီ အရှေ့ဘက်မုဒ် မှာ ဓါတ်ပုံဆိုဒ်ကြီးနဲ့ နဂါးကြီးက ဘုရားကို ပတ်ဖူးတဲ့ ပုံဆိုပြီး ကျကျနန ချိတ်ထားတာရှိပါတယ်။ နံက် (၅း၀၀) နာရီခန့် ဖြစ်တဲ့ ကိစ္စဘာညာရေးထားတာတွေ့ပါတယ်။ လူတော်တော်များများ ယုံကြည်ကြတာတွေ့ပါတယ်။ ကျနော့် အမြင်ကတော့ ဒီလို ယုတ္တိမရှိတဲ့ ပုံမျိုး ဘုရားမှာ မရှိစေချင်ဘူး။ ပြီးတော့ ကမ္ဘာလှည့် ခရီးသည်တွေလာတဲ့ အရပ်ဖြစ်တဲ့ နေရာဖြစ်တဲ့ အတွက် ဒီလိုပုံမျိုး ပိုပြီး မရှိစေချင်ဘူး။ ဒီနိုင်ငံမှာ နေတဲ့ သူတွေဟာ ဆင်ခြင်တုံတရားနည်းပါးတယ်ဆိုတဲ့ အသိမျိုး သူတို့ မထင်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ရွှေစည်းခုံဘုရား မြောက်ဘက်မုဒ်ဘက်မှာ ကျောက်နဂါးကြီးဆိုပြီး လိမ်နေကြတာလည်း ရှိပါတယ်။ ဘုရားရင်ပြင်မှာဘုရားပတ်ဖူးနေသူတွေကို သူတို့ ကျောက်နဂါးကြီးရှိတယ် ထူးဆန်းတယ် ဘာညာပြောပြီး လူတွေကို ခေါ်တယ်။ ရောက်တော့ ကြည့်လိုက်ရင် ကျော်တိုင်လိုဟာမျိုးကို နတ်ကတော်တွေ သုံးတဲ့ အနီပတ်ကလေး ပတ်ပြီး နဂါးစာကျွေးတယ်ဆိုပြီး အဲ့ကျောက်တိုင်လိုဟာမျိုးကို ပူဇော်နေကြတယ်။ ကျောက်တိုင်ကတော့ အမောက်ယောင်ယောင်မျိုးနဲ့ပါ။ နဂါးစာကျွေးတယ် ဆိုပြီး ကော်ခွက်ကလေးထဲ ပေါင်မုန့် နဲ့ ပေါက်ပေါက်တွေရောထားတာကျွေးကြတယ်။ ပူဇော်ပါတယ်။ ပ, သပါတယ်ပေါ့။ တော်တော်ရောင်းလို့ အလုပ်ဖြစ်တယ်။ ကျနော့် သား(၄) နှစ်သားက ဖေဖေ ဘာလုပ်နေကြတာလဲတဲ့။ ကျနော်ကတော့ သူတို့ ရှေ့မှာပဲ အသံကျယ်ကျယ်နဲ့ လိမ်နေကြတာသားရေ လိမ်နေကြတာလို့။ (လိုက်ရိုက်လည်း ပြေးတာပေါ့ ဟီး)
          နောက်  ညောင်ဦးမှာပဲ။ အလိုတော်ပြည့် ဘုရားမှာ ပန်းကိုးမျိုးကပ်ပြီး ဆုတစ်မျိုးပဲ တောင်းဖို့ ဆုတောင်းပြည့်တယ်ဆိုတဲ့ အကြောင်း ပြောပြီး ဘုရားအတက်မှာပန်းသည်တွေ အော်ဟစ်ရောင်းနေတာ။ ကျနော်ကတော့ ဘုပြောခဲ့တယ်။ ပန်းကိုးမျိုးတောင် ကပ်ရတာ ဆုလည်း ကိုးမျိုးတောင်းမှာပဲလို့။ ပန်းသည်တွေကလည်း ဘုကြည့်ကြည့်ကြတာပေါ့။
          ညောင်ဦးဘက်မှာ တချို့သူတွေဆို သူတို့ ဆိုင်ကယ်မှာ နတ်ကန်တော့တဲ့ အနီပိတ်စလေးပတ်ထားတာတွေ့မိပါတယ်။ မေးကြည့်တော့ သူတို့ဆိုင်ကယ်နတ်ပြထားတာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ ကျနော်ကတော့ ထုံးစံအတိုင်း ဒီအနီပတ်ကလေး ပတ်ထားတော့ ဆိုင်ကယ်က ပိုပြေးသလားဆိုတော့ သူတို့က ဒီလူအတော်ဂွကျတဲ့သူပဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်။
          ငှက်ပစ်တောင်မှာ ဘုရားအကြောင်းလိုက်ရှင်းပြတဲ့ ကလေးတွေက နတ်နန်းရှေ့ရောက်ရင် ဦးလေး ကားတွေ ဆိုင်ကယ်တွေဝယ်ရင် ဒီနတ်နန်းမှာ နတ်ပြရတယ်လို့ ရှင်းပြရှာတယ်။ မပြပါဘူး ကလေးတို့ရာ ဦးလေးမှာ ဆိုင်ကယ်ပဲရှိတာ၊ အဲ့ဆိုင်ကယ်လည်း မိန်းမက ၀ယ်ပေးထားတာ။ နတ်ဝယ်ပေးထားတာမှ မဟုတ်တာလို့ ပြောတော့ ကလေးလေးက ဦးလေးသဘောပဲတဲ့ (ဟီး)။
          Facebook မှာလည်း အလိမ်အညာတွေနဲ့ လုပ်တဲ့သူတွေက လုပ်။ ကံကောင်းချင်လို့ Share တဲ့သူက Share နဲ့ပေါ့။ Email နဲ့ Viber မှာ တောင်ပုလုဆရာတော် ဘုရားရဲ့ အိပ်မက် ။ ကိုးဦးကို ဆက်ဝေပါ ဘာညာတွေ ရှိတယ်ဗျာ။ ကျနော့် မိတ်ဆွေ ပညာတတ်ကြီးတွေလည်း သေမှာ ကြောက်ပြီး ဝေတော့ ကျနော့်ထံကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာပေါ့။ အဲ့လိုမျိုးဆို စိတ်တိုချက်ဗျာ။    ပြောရရင် ချက်ကြီး စိတ်တိုတယ်ပေါ့ဗျာ။ အလိမ်အညာတွေ နဲ့ ယုံကြည်တဲ့သူရှိတော့ လောကကြီး အဆင်ပြေနေတာပါပဲ။ ဟော ကလေးကျူရှင် သွားကြိုလိုက်ဦးမယ်ဗျာ။ ဘွားတော်က ဟစ်နေပြီ။  :P

Sunday, December 16, 2012

အမှိုက် (၄)




အမှိုက်ကြောင့် ပိပက္ခဖြစ်ခြင်း
ဒီလို အမှိုက်ပုံ နဲ့ မကြုံတွေ့ရလို့ အမှိုက်ရဲ့ ဆိုးကျိုးကို ထိထိရောက်ရောက် မခံစားရတဲ့ အသိုင်းအ၀ိုင်းကို အမှိုက်ပုံမှာ နေထိုင်ရသူတွေရဲ့ဆိုးကျိုးကို စာနာနိုင်ဖို့ လုပ်ဆောင်မှုတချို့ ပေါ်ထွက်လာခဲ့တယ်။ ဒီလိုလုပ်ဆောင်တဲ့ အုပ်စုတွေထဲက အဓိက လူစု (၂) စု ပါဝင်ခဲ့ပါတယ်။ တစ်ဖွဲ့က မြူနီစီပယ် အမှိုက်ကျုံး အလုပ်သမားတွေ ဖြစ်ပြီး ကျန်တဲ့ အဖွဲ့ကတော့ အမှိုက်ပုံဘေးနားမှာနေပြီး အမှိုက်ရဲ့ ဆိုးကျိုးကို ခံစားနေရတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက အမှိုက် နဲ့ ပတ်သတ်တဲ့ ဆန္ဒပြမှု အကျပ်အတည်းတွေ ဖြစ်ခဲ့ပြီး အမှိုက်ကျုံးအလုပ်ကို လုပ်ကိုင်ကြသူတွေက လုပ်ခခံစားခွင့် နဲ့ အလုပ်အကိုင် တည်မြဲရေးတို့အတွက် တောင်းဆိုခဲ့တယ်။
၁၉၈၆ ခုနှစ်မှာ ဖိလယ်ဒဲဖိယား၊ ၂၀၀၆ ခုနှစ်မှာ နူးယော့ခ်မြို့တော်၊ ၂၀၀၂ ခုနှစ်မှာ တိုရန်တို နဲ့ အွန်တေရီယို၊ ၂၀၀၃ ခုနှစ်မှာ ရှေကာဂို၊  ၂၀၀၇ ခုနှစ်မှာဆို ဗန်ကူးဗား၊ ၂၀၀၆ ခုနှစ်မှာ ဂရိက အေသင်၊ ၂၀၀၇ ခုနှစ်မှာ စပိန်က အလမ်နီးကား စတဲ့ မြို့တွေမှာ အမှိုက်နဲ့ ပတ်သတ်တဲ့ ဆန္ဒပြအရေးဆိုမှုတွေ ဖြစ်ခဲ့တယ်။ ဒီလို လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်က အခြေအနေတွေ နဲ့ ကြာမြင့်ချိန်တွေဟာ အမျိုးမျိုးပါပဲ။ (တချို့အဖြစ်အပျက်တွေမှာ တစ်ရက် နှစ်ရက်ပဲ ကြာပေမယ့် တချို့ အဖြစ်အပျက်တွေကတော့ လပေါင်းများစွာကြာတဲ့ အထိ ဖြစ်ပျက်ခဲ့ကြပါတယ်။) ဒါပေမယ့် ဒီအဖြစ်အပျက်တွေရဲ့ ဘုံတူညီမှုကတော့ အမှိုက်ကို နိုင်ငံရေး အသုံးချပစ္စည်း ( Political Tool) အဖြစ် သုံးခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဖြစ်အပျက်တိုင်းမှာ မြူနီစီပယ် အာဏာပိုင်တွေ၊ အမှိုက်သယ်တဲ့ ကုမ္ပဏီတွေ၊ ဥပဒေပြုတွေဟာ သူတို့ အလုပ်သမားတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ နဲ့ မဖြစ်မနေ ဆွေးနွေးခဲ့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါသထွက်နေတဲ့ဒေသနေ ပြည်သူတွေရဲ့ မြင်ကွင်းကနေ အမှိုက်တွေကို မြန်မြန် ပျောက်ကွယ်သွားစေချင်လို့ပဲ ဖြစ်ပါတယ်။
ဒီလို အမှိုက်ကို နိုင်ငံရေးအသုံးချ ပစ္စည်း အဖြစ် လုပ်ခဲ့တဲ့ အဖြစ်အပျက်တွေထဲမှာ အမှိုက်ပုံမယ့် လမ်းကြောင်းကို ပိတ်ထားလို့ အမှိုက်တွေ မကျုံးနိုင်ဘဲ မြို့ပြနေရာတွေမှာ အမှိုက်တွေကို စုပုံစေတာပဲ ဖြစ်ပါတယ်။ ဒီလို အဖြစ်အပျက်ကတော့ မက္ကဆီကိုက အောက်ဆာကာ မှာ ဖြစ်ခဲ့ပါတယ်။ ၂၀၀၀ ခု အစောပိုင်းနှစ်တွေတုန်းက တမြို့လုံးနီးပါးက အမှိုက်စုပုံတဲ့ နေရာနားမှာ ကျူးကျော်နေထိုင်ကြတဲ့ သူတွေက မြူနီစီပယ်က အမှိုက်မပုံနိုင်အောင် အမှိုက်ကားတွေကို လမ်းပိတ်ထားခဲ့ကြတယ်။ ဒီလို လမ်းပိတ်ဆို့ထားတာတွေကို အမှိုက်ပစ်ဖို့ လာတဲ့ အကြိမ်တိုင်းမှာ လုပ်ခဲ့ကြတယ်။ ဒါကြောင့် မြူနီစပယ် အရာရှိတွေက အမှိုက်သိမ်းတာကို ရွှေ့ဆိုင်းထားပြီး အမှိုက်တွေကို လမ်းပေါ်မှာ စွန့်ပစ်မယ့် အစား  အိမ်တွေမှာပဲ စုထားဖို့ မြို့နေလူထုကို ပြောခဲ့တယ်။ မြူနီစပယ်ရဲ့ အလုပ်က မြို့ကို သန့်ရှင်းရမယ်လို့ ယူဆကြတဲ့ လူထုက မြူနီစီပယ်ရဲ့ ပြောဆိုမှုကို အလေးမထားခဲ့ကြဘူး။ အမှိုက်တန်ရာပေါင်းများစွာကို ပန်းခြေတွေမှာ၊ လမ်းထောင့်တွေ နဲ့ ဈေးအနီးအနားဝန်းကျင်တွေမှာ စွန့်ပစ်ခဲ့ကြတယ်။
ဒီမြို့မှာ နေထိုင်သူတွေဟာ အမှိုက်တွေကို မြင်တွေ့ရပြီး အနံ့အသက်ဆိုးတွေ ရတော့ စိတ်အနှောင့် အယှက်ဖြစ်ကြရတယ်။ အမှိုက်တွေက ကြွက်တွေကို ဆွဲဆောင်တယ်။ နောက် အင်းဆက်ပိုးမွှားတွေ၊ ခွေးလေ ခွေးလွင့်တွေ ရောက်လာကြတယ်။ ဒီအတွေ့အကြုံတွေက ခရီးသွားလုပ်ငန်းကို အဓိက မှီခိုနေရတဲ့ သူတို့ မြို့ကို ခရီးသွားတွေရဲ့ အထင်သေးမှုကို ဖြစ်စေတယ်။ ဒါ့ကြောင့် မြူနီစီပယ် အာဏာပိုင်တွေဟာ ဒီအမှိုက်တွေကို စွန့်ပစ်ဖို့ အတွက် အမှိုက်ပစ်လမ်းကို ပိတ်ဆို့ထားတဲ့ ဆန္ဒပြသူတွေကို မဖြစ်မနေညှိုနှိုင်းရတော့တယ်။ အမှိုက်ပတ်ဝန်းကျင်နေထိုင်ကြသူတွေက အမှိုက်စွန့်ပစ်စီမံခန့်ခွဲတာနဲ့ ပတ်သတ်လို့ အဓိကထား ညှိုနှိုင်းကြပါတယ်။ ဒါပေမယ့် မြူနီစီပယ်အာဏာပိုင်တွေက အမှိုက်ပုံဝန်းကျင်မှာ မီးကာကွယ်မှု သေချာမပြုနိုင်တာရယ်၊ အမှိုက်ပမာဏစွန့်ပစ်စုပုံနိုင်တာထက် များပြားလွန်းတာရယ် ကြောင့် အမှိုက်ပုံဝန်းကျင်က လူတွေ ကျေနပ်အောင် လျှပ်စစ်သွယ်ပေးရတယ်။ ဆေးခန်း နဲ့ စုဝေးခန်းမတွေပါ ဆောက်လုပ်ပေးဖို့ သဘောတူရပါတယ်။ ဒီလိုနဲ့ပဲ အနှိမ်ခံ အကျဉ်ခံ အသိုင်းအ၀ိုင်းဟာ သူတို့ ရဲ့ မြို့ပြဆိုင်ရာ အခွင့်အရေးတွေ ရရှိအောင် အမှိုက်ကို အသုံးချခဲ့ကြတယ်။
          မြူနီစီပယ် အလုပ်သမားတွေပဲ ဖြစ်ဖြစ်၊ အမှိုက်ပုံဝန်းကျင်က အသိုင်းအ၀ိုင်းကပဲ ဖြစ်ဖြစ် အမှိုက်ကို နိုင်ငံရေး အသုံးချခံပစ္စည်း အဖြစ် သုံးတဲ့နေရာမှာ အမှိုက်ရဲ့ ဆိုးရွားတဲ့ အနံ့အသက် နဲ့ ရောဂါပိုးမွှားတွေ ဖြစ်စေတယ်ဆိုတဲ့ အချက်ကို ကိုင်စွဲကြပါတယ်။ ဒါ့ကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ ပြည်သူတွေဟာ အမှိုက်ကို မြင်ကွင်းမှာ မမြင်မတွေ့လို ကြပါဘူး။ အမှိုက်ဟာ သူတို့ မျက်ကွယ်မှာပဲ ရှိနေရမယ်လို့ စိတ်ထဲမှာ စွဲနေကြပါတယ်။ ဒီလိုမှ မဟုတ်ဘဲ အမှိုက်ဟာ မမျှော်လင့်ဘဲ သူတို့ ရှေ့မှောက်မှာ ရှိနေမယ်ဆိုရင် သူတို့ရဲ့ အမှိုက်အများကြီးစွန့်ပစ်နေတဲ့ စားသုံးမှုပုံစံကို သတိပေးနေသလို ဖြစ်နေပါတယ်။
အန္တရာယ် ဖြစ်စေနိုင်တဲ့ အမှိုက်နဲ့ ရိုးရိုးအမှိုက်တွေကို အဓိပ္ပာယ်ဖွင့်ဆိုမှုဟာ နေရာအခြေအနေအမျိုးမျိုးပေါ်မူတည်နေပါတယ်။ ဒါပေမယ့် အမှိုက်ကို ဘယ်နေရာမှ စွန့်ပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သတ်လို့ကတော့ မေးခွန်းထုတ်စရာပါ။ နိုင်ငံတကာ အမှိုက် နဲ့ ဆိုင်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းခြင်းရာတွေမှာ နိုင်ငံတစ်နိုင်ငံရဲ့ သြဇာ၊ စီးပွားရေး ဆက်နွယ်မှုတွေဟာ အရေးပါတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါတွေဟာ အရေးပါတယ်ဆိုတာကို အိုင်ဗရီကို့စ်က အမှိုက်မှု ကိစ္စရယ် ၊ ဆိုမာလီပင်လယ်ဓါးပြတွေရဲ့ အဖြစ်အပျက်တွေက သက်သေခံနေပါတယ်။ တခြားတစ်ဘက်မှာလည်း မြူနီစီပယ် အလုပ်သမားတွေ နဲ့ အမှိုက်တောနားက လူတွေဟာ အမှိုက်ကို အသုံးချပြီး သူတို့ရဲ့သြဇာကို တိုးမြှင့်အောင်၊ သူတို့ရဲ့ ၀င်ငွေကို တိုးတက်အောင်လုပ်ဆောင်ကြတယ်။ဒါ့ကြောင့် အမှိုက်စီမံခန့်ခွဲမှုဟာ နည်းပညာ တစ်ခုတည်းနဲ့ ဆိုင်တာ မဟုတ်ဘဲ တခြား ကျယ်ပြန့်တဲ့ လူမှုအကြောင်းအရာတွေနဲ့ပါ သက်ဆိုင်တယ်ဆိုတာ ထင်ရှားပါတယ်။

 Source: Sarah A. Moore (2011)  Global garbage: waste, trash trading, and local garbage politics