အသက်တွေ တဖြည်းဖြည်းကြီးလာသည် နှင့်အမျှ မှတ်ဥာဏ်လည်း ချို့ယွင်းလာတယ်။ ဖုန်းနံပါတ်တွေကို
မမှတ်မိတော့ပါ။ အတန်းတက်ရမည့် အချိန်တွေကို သတိထားမှတ်နေရတယ်။ တစ်ခါတစ်ရံ တကယ်ပဲ သတိမေ့တာလား၊
အရေးမစိုက်တာလားဆိုပြီး မိမိကိုယ်မိမိ မသင်္ကာ ဖြစ်ရတယ်။ အရေးမစိုက်တာကြောင့် လည်းပါ လိမ့်မယ်လို့
ယုံကြည်မိတယ်။ မှတ်ဥာဏ်ကလည်း အလွန် ဘက်လိုက်ပါတယ်။ မိမိစိတ်မ၀င်စားသောအရာများကို
ဇွတ်မေ့တတ်ပါတယ်။ စာမေးပွဲခန်းက ထွက်လာပြီး စာတွေကို အတင်းမေ့လိုက်သလိုမျိုးပါပဲ။
ဘယ်တော့မှ မမေ့မယ့် အရာကတော့ အမေ နဲ့ အမေ့အိမ်ပါပဲ။ အမေ့အိမ်က ရွာကလေးမှာ ရှိတာပါ။
မြို့ကလေးကနေ သွားလျင် တစ်မိုင်သာသာလောက်ပဲ ရှိပါတယ်။ အဲဒီ့ တစ်မိုင်သာသာမြေနီလမ်းကလေးရဲ့
ဘေးတစ်ဘက်စီမှာ လယ်ကွင်းပြင်ကြီးပေါ့။ မိုးရာသီမှာ ရေတဖွေးဖွေး နဲ့ စိမ်းလန်းနေတယ်။ ကွင်းပြင်တစ်ခုလုံး
အစိမ်းရောင်ကော်ဇောကြီး ခင်းထားသလိုပါပဲ။ တဖြည်းဖြည်း နဲ့ စိမ်းရာကနေ ၀ါပြီး စပါးတွေ ရင့်မှည့်ချိန်ရောက်တော့
ရွှေဝါရောင် ကွင်းပြင်ကြီးက မျက်စိတဆုံးပေါ့။ ဆောင်းတွင်းရောက်တော့ မတ်ပဲခင်းကြီးဖြစ်သွားရော။ နွေမှာတော့
လယ်ကွင်းတွေက အနားရရှာတယ်လေ (အဲ့ဒီ့ ကွင်းပြင်ကိုပဲ ပြောတာပါ)။
အမေ့အိမ်ပြန်တဲ့ လမ်းတစ်လျှောက်ကို ပြောရရင် မြို့ နဲ့ ရွာ အလယ်လောက်မှာ ရွှေရောင်ဝင်းဝင်း နဲ့ စေတီ
တော်ကြီး ရှိပါတယ်။ ဘယ်အချိန်ဖူးဖူး ကြည်ညိုစရာပါပဲ။ တစ်ခါတစ်ရံမှာ ကိုရင်လေးတွေ ရဲ့ စာအံသံသဲ့သဲ့ကို
ကြားရပါတယ်။ ဘုရားဝင်းက သစ်ပင်တွေ၊၀ါးရုံတွေဟာ တောအုပ်ကလေးတစ်ခုကို ကွက်ကွက်ကွင်းကွင်း
ပြထားသလိုပါပဲ။ ၀ါးပင်တွေဟာ ဖြတ်သွားတိုင်း လေယူရာယိမ်းပြီး နုတ်ဆက်စမြဲပါ။
ဒီလမ်းလေးမှာ အရိပ်ခိုစရာ သစ်ပင်တွေ ပေါများပါတယ်။ အထူးသဖြင့် ကုက်ကိုပင်တွေဟာ စီတန်းပြီး
ကျွန်တော်ပြန်တဲ့ အခါတိုင်း သူတို့ အရိပ်တွေကိုပေးပြီင်္း ကြိုဆိုနေကျပါ။ ရွာကလေးရောက်ခါနီးမှာ
ချောင်းကလေးတစ်ခုက ဖြတ်သန်းစီးဆင်းနေပါတယ်။ ငယ်ငယ်က ရေကူးနေကျချောင်းကလေးပေါ့။ ရွာထိပ်မှာတော့
စေတီလေးတစ်ဆူ ရှိပါတယ်။ ဖြတ်သွားတဲ့ အခါ လေပြည်တိုက်နေတာနဲ့ ကြုံရင် သာယာတဲ့ဆည်းလည်းသံတွေ
နားဆင်ရမှာ ဖြစ်ပါတယ်။ ဘုရားနားက ဗောဓိပင်ပေါ်မှာတော့ ငှက်ကလေးတွေ တေးဆိုနေကြတယ်။ အမေဟာ
ကျွန်တော်ပြန်တိုင်း ရွာကလေးထိပ်ကနေ လာမျှော်နေကျပေါ့။
ကျွန်တော့်မှတ်ဥာဏ်နဲ့ ပတ်သတ်လို့ အစိုးရိမ်ဆုံးကတော့ ရွာကလေးရယ်၊ မြေနီလမ်းကလေးရယ်၊
လယ်ကွင်းပြင်ကြီးရယ်၊ ကုက်ကိုပင်တန်းလေးရယ်၊ လယ်ကွင်းပြင်ကြီးကို ဖြတ်ပြီးတိုက်ခတ်လာတဲ့
လေပြည်လေညှင်းလေရယ်.....အားလုံးကိုမေ့သွားမှာကိုပါပဲ။ သေချာတာကတော့ အမေ့ကို
အမြဲတမ်းသတိရနေတာပါပဲလေ။