Saturday, July 2, 2011

အင်းလေးက အလင်းရောင်

အင်းလေးကို စာတမ်းအတွက် အချက်အလက်ကောက်ဖို့ ရောက်ခဲ့စဉ်က အရင်က တစ်ခါမှ မသိတဲ့ လူတွေနဲ့ သိခဲ့ရတယ်။ တစ်ခါမှ မတွေ့ဖူး ပေမယ့် သူတို့ ရဲ့ ဖော်ရွေ ပျူငှာမှုကြောင့် မကြာခင်မှာပဲ ဆွေမျိုးတွေလို ဖြစ်သွားခဲ့တယ်။ သူတို့တွေနဲ့ ခင်မင်ရင်းနှီးလာတာနဲ့ အမျှ သူတို့တွေရဲ့ အကြောင်းတွေကို သိခွင့်ရခဲပါတယ်။

သူတို့ အများစုကတော့ အင်းသားလူမျိုးတွေ ဖြစ်ကြပြီးတော့ တောင်ရိုးနဲ့ ဗမာ လူမျိုးတွေ အနည်းငယ်ပါပါတယ်။ (ရှမ်းပြည်နယ်ရောက်ခဲ့ပေမယ့် ရှမ်းတွေနဲ့ တော့ မိတ်ဆွေ မဖြစ်ခဲ့တာ ထူးခြားမှု တစ်ခုတော့ ဆိုနိုင်ကောင်း ဆိုနိုင်ပါရဲ့။) သူတို့ တွေထဲမှာ ထူးထူးခြားခြား အနေနဲ့ ကျွန်တော် အားကျတဲ့ သူတစ်ယောက်ရှိပါတယ်။ သူ့ဘ၀က ငွေကြေးအားဖြင့်အများကြီး ချမ်းသာသူမဟုတ်သလို၊ နာမည်ကျော်ကြားတဲ့ သူလည်း မဟုတ်ပါ။ ဒါပေမယ့် သူ့ဘ၀ကို ကျွန်တော် အားကျတာကတော့ အမှန်ပါပဲ။ သူ့နာမည်က ဦးကျော်သန်းပါ။ ဘာဖြစ်လို့ သူ့ဘ၀ကို ကျွန်တော် အားကျသလဲ ဆိုတော့.......။

ဦးကျော်သန်းက အင်းလေး ခေါင်တိုင်ရွာသား ဖြစ်ပါတယ်။ ဇာတိကလည်း ခေါင်တိုင်ကပါပဲ။ သူ့ရဲ့ထူးခြားချက်က စာအုပ်တွေကို ရူးသွပ်တယ်လို့ ပြောရမှာပါ။ သူက စာအုပ်တွေကို စုတာ ၁၉၇၄ ကတည်းကပါ။ အပတ်စဉ်ထုတ် စာစောင်ကနေ စွယ်စုံကျမ်းအထိ စုဆောင်းထားပါတယ်။ ထူးခြားတာက သူက စာအုပ်တွေကို ဘယ်ကရတဲ့ ၀င်ငွေနဲ့ ၀ယ်သလဲ ဆိုတာပါပဲ။
သူက နေ့စဉ် နံက်တိုင်း စက်ဘီး တစ်စီးကို စီးပြီး ရွာလမ်းမ တစ်လျှောက် နွားချီးကောက်ပါတယ်။ သူ့အိမ်မှာ နွားမွေးမထားပါဘူး။ ဒါပေမယ့် သူနေ့စဉ် နွားချီးကောက်လို့ ရတာတွေကို အိမ်ခြံဝင်းထဲ ပုံထားပါတယ်။ သူ့အိမ်ကို သွားရင် နွားတွေ အများကြီး မွေးထားတဲ့သူတွေ အိမ်မှာလိုပဲ နွားချေးပုံကို မြင်ရမှာ ဖြစ်ပါတယ်။ သူက နွားချီးတွေကို မြေဆွေးဖြစ်တဲ့ အထိ ပစ်ထားပါတယ်။

အဲလိုနဲ့ နွားချီးဟာ သဘာဝ မြေသြဇာလုပ်လို့ ရတဲ့ အချိန်ရောက်တော့ အင်းထဲက ရေခြံသမားတွေကို ရောင်းပါတယ်။ အင်းထဲက ရေခြံတွေမှာက မြေသြဇာသိပ်လိုတာကိုး။ ရေခြံထဲမှာ ဓါတ်မြေသြဇာရော သဘာဝမြေသြဇာပါသုံးပါတယ်။ သဘာဝ မြေသြဇာကတော့ သိတဲ့အတိုင်း ရေရှည်သုံးဖို့ ကောင်းတဲ့ အရာပါ။ ဦးကျော်သန်းက ဒီကွက်လပ်ကို တစ်ဘက်တစ်လမ်းက သူနိုင်သလောက်ဖြည့်စွက်ပေးသလို တစ်ဘက်ကလည်း သူခုံမင်တဲ့ စာအုပ်ဖိုးအတွက် အဆင်ပြေပါတယ်။ ဒါ့ကြောင့်သူဟာ သူဝါသနာပါရာ စာအုပ်ဝယ်ဖို့ အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်နေသူလို့လည်း ပြောလို့ရပါတယ်။

ဦးကျော်သန်းဟာ  နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ စာအုပ်တွေကို စနစ်တကျ သေချာစွာ သိမ်းထားပါတယ်။ သေတ္တာတွ ဘီဒိုတွေထဲမှာ အစီအစဉ်တကျ ထည့်ပြီး သိမ်းထားသလို စာအုပ်လာရောက်ဖတ်သူရှိပါကလည်း ဖျာခင်းပြီး ရေနွေး၊ မုန့်ပဲ သွားရေစာတွေနဲ့ ဧည့်ခံပါတယ်။ စာအုပ်လာဖတ်သူ သက်တောင့် သက်သာရှိအောင် ဖျာခင်းပြီး ခေါင်းအုံးများပါ ချပေးလေ့ရှိပါတယ်။ ထိုင်ဖတ်လျှင် အဆင်ပြေဖို့ စာကြည့်စားပွဲငယ်၊ ပက်လက်ကုလားထိုင်များက အစ စီစဉ်ပေးပါတယ်။ တစ်နေကုန် ဖတ်လျှင်လည်း ထမင်းပါကျွေးသေးတယ်။ (ကျွန်တော်တော့ မစားဖြစ်သေးပါ။)
ဒါပေမယ့် စာအုပ်များကို ရိုသေမှ သဘောကျတယ်။ စာအုပ်မရိုသေလျှင် သူ့ဇနီးကိုတောင် စာအုပ်ဖတ်ရန် ခွင့်မပြုတဲ့ သူဖြစ်ပါတယ်။ ဒီလောက်ထိအောင် စာအုပ်တွေကို မြတ်နိုးတန်ဖိုးထားသူ ဖြစ်ပါတယ်။
စာအုပ်တွေကတော့သုတ၊ရသ အစုံပါတယ်။  စွယ်စုံကျမ်းများကိုလည်း နှစ်ပေါင်းများစွာ ၀ယ်ယူစုဆောင်းခဲ့ရတယ်လို့ သိရပါတယ်။ ဘာသာရေး စာအုပ်များလည်း စုံမှ စုံ။ နတ်မီးလင်း ဆရာတော်ရဲ့စာအုပ်များကိုလည်းတွေ့ခဲ့ရတယ်။ တရားစာပေမျိုးစုံရှိပါတယ်။ တရားစာအုပ်တွေကို ဘီဒိုတွေထဲမှာ စီရရီထားပါတယ်။သုတစာပေ နဲ့ ပတ်သတ်လို့ မဂ္ဂဇင်း စာအုပ်ပေါင်း များစွာကိုလည်း တွေ့ခဲ့ရတယ်။ ကြီးပွားရေး မဂ္ဂဇင်း၊ သုတစွယ်စုံမဂ္ဂဇင်း တို့ကို လည်း ကျွန်းသေတ္တာငါးလုံးခန့်တွေ့ရပါတယ်။
ဂျာနယ်တွေမှာလည်း အမျိုးအစားစုံလှတယ်။ တကယ့် စာကြည့်တိုက်ကြီးတစ်ခုထဲကို ရောက်သွားသလို ခံစားရပါတယ်။
အင်းသားဖြစ်တာနဲ့ အညီ အင်းလေးကန်နှင့် ပတ်သတ်တဲ့ စာအုပ်တွေကိုလည်း တွေ့ခဲ့ရတယ်။ အင်းလေးကန် အကြောင်း သုတေသန လုပ်ဖို့ ရောက်လာသူများအတွက်တော့ ဦးကျော်သန်း ရဲ့စာအုပ်များက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်တစ်ခုပါပဲ။

ဦးကျော်သန်းဟာ စာအုပ်များကို စုဆောင်းရုံသာမက စာအလွန်ဖတ်သောသူတစ်ဦးဖြစ်ပါတယ်။ သူ့ အိမ်ကနေ အနည်းငယ်လှမ်းတဲ့ တောင်ခြေမှာရှိတဲ့ သူ့ ခြံမှာ ပန်းစိုက်ပါတယ်။ ဥယျာဉ်မှူး တစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။ နံက်ပိုင်းနှင့် ညနေပိုင်းတွင် ပန်းခြံထဲတွင် တူရွင်းတစ်ချောင်းဖြင့် အလုပ်ရှုပ်နေပြီး နေ့လည်ပိုင်းတွင် ခြံထဲတွင် စာဖတ်ပါတယ်။ စာအကြောင်း ပေအကြောင်းပြောရတဲ့ အချိန်တွေမှာတက်ကြွနေတာ အလွန်သိသာလှပါတယ်။ အဲ့လို အချိန်တွေက သူ့အတွက်တော့ ရတနာတွေလိုပဲ။
သူက ပန်းပင်များအတွက်သာ ဥယျာဉ်မှူးသာမဟုတ်ပါဘူး။ အိမ်နီးပတ်ဝန်းကျင်က ကလေးတွေအတွက်လည်း ဥယျာဉ်မှူး တစ်ယောက် ဖြစ်ပါတယ်။ အိမ်နီးချင်းကလေးများကို ကျောင်းထားပေးတယ်။ သာသမီး အရင်း ငါးယောက်နဲ့ မွေးစားသားသမီးလေးယောက် စုစုပေါင်း ကိုးယောက်ကို ဘွဲ့ရတဲ့အထိ ကျောင်းထားပေးတယ်။ တချို့ဆို ခေါင်တိုင်ရွာတွဲဘက် အထက်တန်းကျောင်းမှာ ဆရာ၊ဆရာမတွေတောင်ဖြစ်နေကြပြီလေ။ အခုထိ ငယ်ရွယ်တဲ့ကလေးများကို ကျောင်းထားပေးတယ်။
ဦးကျော်သန်းရဲ့ ခြံတစ်ခြံမှာ ဟိုတယ်ဆောက်တဲ့နေရာနှင့်နီးလို့ ဟိုတယ်က သိန်း (၁၈၀) ပေးဝယ်တယ်လေ။ ထိုခြံရောင်းရတဲ့ငွေတွေထဲမှ တချို့တ၀က်ကို ဘုန်းတော်ကြီးကျောင်းကို လှူပြီး ကျန်တဲ့ ငွေတွေကို မွေးစားသားသမီးတွေအပါအ၀င် သားသမီးအားလုံးကို ခွဲဝေပေးလိုက်ပါတယ်။
သူကတော့ နွားချေးကောက်မြဲ၊ ပန်းစိုက်မြဲ၊စာအုပ်ဖတ်နေမြဲ။

ဦးကျော်သန်းဟာ ခြံထဲမှာ ပန်းစိုက်ပြီး စာအုပ်ဖတ်ကာ၊ သာယာလှပတဲ့ပတ်ဝန်းကျင် တောင်တန်းများကို ကြည့်ပြီး သူ့ဘ၀ကို အကျေနပ်ကြီး ကျေနပ်နေသူဖြစ်ပါတယ်။ သူ့ဘ၀ဟာ အေးချမ်းလှပါတယ်။ အပူအပင်ကင်းစွာ ဖြတ်သန်းနေနိုင်တယ်။လောဘများကို လျှော့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ တင်းတိမ်ရောင့်ရဲစွာပဲ အချိန်တွေကို ကုန်ဆုံးစေတယ်။ ခြံထဲမှာ ငှက်ကလေးတွေရဲ့ တေးသံသာတွေကို နားဆင်ပြီး ဥယျာဉ်မှူးလုပ်လိုက်၊ စာဖတ်လိုက်နဲ့ သဘာဝအလှတရားရဲ့ အလှအပတွေမှာပျော်ဝင်ပြီး အေးအေးချမ်းချမ်းနဲ့ ရှင်သန်နေတဲ့ သူ့ဘ၀ကို အားကျကြည်နူးမိတာတော့ အမှန်ပါပဲ။

Friday, February 25, 2011

မှတ်ဥာဏ်


အသက်တွေ တဖြည်းဖြည်းကြီးလာသည် နှင့်အမျှ မှတ်ဥာဏ်လည်း ချို့ယွင်းလာတယ်။ ဖုန်းနံပါတ်တွေကို

မမှတ်မိတော့ပါ။ အတန်းတက်ရမည့် အချိန်တွေကို သတိထားမှတ်နေရတယ်။ တ‍စ်ခါတစ်ရံ တကယ်ပဲ သတိမေ့တာလား၊

အရေးမစိုက်တာလားဆိုပြီး မိမိကိုယ်မိမိ မသင်္ကာ ဖြစ်ရတယ်။ အရေးမစိုက်တာကြောင့် လည်းပါ လိမ့်မယ်လို့

ယုံကြည်မိတယ်။ မှတ်ဥာဏ်ကလည်း အလွန် ဘက်လိုက်ပါတယ်။ မိမိစိတ်မ၀င်စားသောအရာများကို

ဇွတ်မေ့တတ်ပါတယ်။ စာမေးပွဲခန်းက ထွက်လာပြီး စာတွေကို အတင်းမေ့လိုက်သလိုမျိုးပါပဲ။

ဘယ်တော့မှ မမေ့မယ့် အရာကတော့ အမေ နဲ့ အမေ့အိမ်ပါပဲ။ အမေ့အိမ်က ရွာကလေးမှာ ရှိတာပါ။

မြို့ကလေးကနေ သွားလျင် တစ်မိုင်သာသာလောက်ပဲ ရှိပါတယ်။ အဲဒီ့ တစ်မိုင်သာသာမြေနီလမ်းကလေးရဲ့

ဘေးတစ်ဘက်စီမှာ လယ်ကွင်းပြင်ကြီးပေါ့။ မိုးရာသီမှာ ရေတဖွေးဖွေး နဲ့ စိမ်းလန်းနေတယ်။ ကွင်းပြင်တစ်ခုလုံး

အစိမ်းရောင်ကော်ဇောကြီး ခင်းထားသလိုပါပဲ။ တဖြည်းဖြည်း နဲ့ စိမ်းရာကနေ ၀ါပြီး စပါးတွေ ရင့်မှည့်ချိန်ရောက်တော့

ရွှေဝါရောင် ကွင်းပြင်ကြီးက မျက်စိတဆုံးပေါ့။ ဆောင်းတွင်းရောက်တော့ မတ်ပဲခင်းကြီးဖြစ်သွားရော။ နွေမှာတော့

လယ်ကွင်းတွေက အနားရရှာတယ်လေ (အဲ့ဒီ့ ကွင်းပြင်ကိုပဲ ပြောတာပါ)။

အမေ့အိမ်ပြန်တဲ့ လမ်းတစ်လျှောက်ကို ပြောရရင် မြို့ နဲ့ ရွာ အလယ်လောက်မှာ ရွှေရောင်ဝင်းဝင်း နဲ့ စေတီ

တော်ကြီး ရှိပါတယ်။ ဘယ်အချိန်ဖူးဖူး ကြည်ညိုစရာပါပဲ။ တစ်ခါတစ်ရံမှာ ကိုရင်လေးတွေ ရဲ့ စာအံသံသဲ့သဲ့ကို

ကြားရပါတယ်။ ဘုရားဝင်းက သစ်ပင်တွေ၊၀ါးရုံတွေဟာ တောအုပ်ကလေးတစ်ခုကို ကွက်ကွက်ကွင်းကွင်း

ပြထားသလိုပါပဲ။ ၀ါးပင်တွေဟာ ဖြတ်သွားတိုင်း လေယူရာယိမ်းပြီး နုတ်ဆက်စမြဲပါ။
ဒီလမ်းလေးမှာ အရိပ်ခိုစရာ သစ်ပင်တွေ ပေါများပါတယ်။ အထူးသဖြင့် ကုက်ကိုပင်တွေဟာ စီတန်းပြီး

ကျွန်တော်ပြန်တဲ့ အခါတိုင်း သူတို့ အရိပ်တွေကိုပေးပြီင်္း ကြိုဆိုနေကျပါ။ ရွာကလေးရောက်ခါနီးမှာ

ချောင်းကလေးတစ်ခုက ဖြတ်သန်းစီးဆင်းနေပါတယ်။ ငယ်ငယ်က ရေကူးနေကျချောင်းကလေးပေါ့။ ရွာထိပ်မှာတော့

စေတီလေးတစ်ဆူ ရှိပါတယ်။ ဖြတ်သွားတဲ့ အခါ လေပြည်တိုက်နေတာနဲ့ ကြုံရင် သာယာတဲ့ဆည်းလည်းသံတွေ

နားဆင်ရမှာ ဖြစ်ပါတယ်။ ဘုရားနားက ဗောဓိပင်ပေါ်မှာတော့ ငှက်ကလေးတွေ တေးဆိုနေကြတယ်။ အမေဟာ

ကျွန်တော်ပြန်တိုင်း ရွာကလေးထိပ်ကနေ လာမျှော်နေကျပေါ့။

ကျွန်တော့်မှတ်ဥာဏ်နဲ့ ပတ်သတ်လို့ အစိုးရိမ်ဆုံးကတော့ ရွာကလေးရယ်၊ မြေနီလမ်းကလေးရယ်၊

လယ်ကွင်းပြင်ကြီးရယ်၊ ကုက်ကိုပင်တန်းလေးရယ်၊ လယ်ကွင်းပြင်ကြီးကို ဖြတ်ပြီးတိုက်ခတ်လာတဲ့

လေပြည်လေညှင်းလေရယ်.....အားလုံးကိုမေ့သွားမှာကိုပါပဲ။ သေချာတာကတော့ အမေ့ကို

အမြဲတမ်းသတိရနေတာပါပဲလေ။