Wednesday, September 26, 2012

ထားဝယ် သို့မဟုတ် ... : Development vs. Environment ? အပိုင်း (၁)


“We do not inherit the Earth from our Ancestors, we borrow it from our Children."
Ancient Indian Proverb

ကျွန်ုပ်တို့သည် ကမ္ဘာမြေကြီးကို ဘိုးဘွားများထံမှ အမွေရခဲ့ခြင်း မဟုတ်။ ကျွန်ုပ်တို့ သားမြေးများထံမှ ငှားရမ်းထားခြင်းသာဖြစ်သည်။


 ပတ်ဝန်းကျင်သမားနှင့် ဖွံ့ဖြိုးရေး ထိပ်တိုက်တိုးသည့် ခေါင်းစဉ်ဖြင့်Term Paper တစ်ခုရေးရန် ကြီးကြပ်သူဆရာနှင့် တိုင်ပင်သောအခါ ဆရာက သူတို့ တိုင်းပြည်က မက်တာဖွတ်(Map Ta Phut ) စက်မှုဇုံအကြောင်းကိုပါ ထည့်ရေးရန် အကြံပေးခဲ့ပါတယ်။ ဒါ့ကြောင့် ဂူးဂဲတွင် ရှာဖွေတဲ့ အခါမှာ မက်တာဖွတ်စက်မှုဇုံဟာ သူတို့ တိုင်းပြည်ရဲ့ကျန်းမာရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာကြီး တစ်ခု ဆိုတာ မမျှော်လင့်ဘဲ သိခဲ့ရပါတယ်။


မတ်တာဖွတ်စက်မှုဇုံဟာ ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ မတ်တာဖွတ်မြို့အနီးမှာ ရှိတဲ့ ကြီးမားတဲ့ စက်မှုဇုံတစ်ခုဖြစ်ပါတယ်။ထိုင်းနိုင်ငံ အရှေ့ပိုင်းကမ်းခြေ မှာ ရှိတဲ့ စီးပွားရေးဒေသကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အကြီးဆုံးစက်မှုဇုံဖြစ်ပြီး ကမ္ဘာပေါ်မှာ အဌမမြောက်အကြီးဆုံး ရေနံဓါတုစက်မှုဒေသလည်းဖြစ်ပါတယ်။


၁၉၉၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ စက်မှုဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ထိုင်းနိုင်ငံစက်မှုဇုံအာဏာပိုင်အဖွဲ့ (Industrial Estate Authority of Thailand) က စီမံခန့်ခွဲပါတယ်။ ဒီစက်မှုဇုံဟာ ထိုင်းနိုင်ငံရဲ့စက်မှုထွန်းကားတိုးတက်မှုကို ဆယ်စုနှစ်နဲ့ချီပြီး တွန်းအားပေး ဖွံဖြိုးတိုးတက်စေခဲ့ပါတယ်။ (http://en.wikipedia.org/wiki/Map_Ta_Phut_Industrial_Estate)

  Photo- The New York Time

ဒီစက်မှုဇုံမှာ စက်ရုံကြီးပေါင်း (၁၁၇) ရုံ ရှိပြီး ထိုအထဲမှာ ရေနံဓါတုစက်ရုံက (၄၅) ခု၊ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံက (၈) ခု၊ ဓါတ်မြေသြဇာစက်ရုံက (၁၂) ခု နဲ့ ရေနံချက်စက်ရုံက (၂) ခုပါဝင်ပါတယ်။


မတ်တာဖွတ် စီရင်စုမှာ လူဦးရေ နှစ်သောင်းခွဲခန့် နေထိုင်ကြပါတယ်။ ၁၉၉၇ ခုနှစ်မှာ ထိုဒေသမှာ ရှိတဲ့ စာသင်ကျောင်းမှ ဆရာ၊ဆရာမများနဲ့ ကျောင်းသား၊ကျောင်းသူ (၁၀၀၀) လောက်ဟာ စက်ရုံတွေက စွန့်ထုတ်လိုက်တဲ့ အဆိပ်သင့်လေတွေကို ရှူရှိုက်မိပြီး ဆေးရုံတင်လိုက်ရတာက စလို့ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကို ပြည်သူလူထုက အာရုံစိုက်လာကြပါတယ်။(http://asiancorrespondent.com/26595/the-environmental-problems-at-map-ta-phut/)


၂၀၀၃ ခုနှစ်မှာ ထိုင်းနိုင်ငံအမျိုးသား ကင်ဆာဌာန (National Cancer Institute) လေ့လာမှု အရ သားအိမ်ခေါင်း၊ ဆီးအိမ်၊ ရင်သား၊ အသဲ၊ နှာခေါင်း၊ အစာအိမ်၊ လည်ခေါင်း စတဲ့ နေရာတွေမှာ ကင်ဆာဖြစ်ဖြစ်မှုနှုန်းဟာ မတ်တာဖွတ် နဲ့ တခြားစက်မှုဇုံတွေရှိတဲ့ ရနောင်းခရိုင်မှာ အမြင့်မားဆုံးဆိုတာ တွေ့ခဲ့ရပါတယ်။


၂၀၀၇ ခုနှစ်မှာ အီတလီ သုတေသီတွေ ဦးစီးလေ့လာတဲ့ သုတေသနမှာ ဆိုရင် မတ်တာဖွတ်မှာနေတဲ့ ဒေသခံတွေရဲ့ သွေးဆဲလ်တွေအပေါ် မျိုးရိုးဆိုင်ရာ ပျက်စီးစေမှု (Genetic damage to blood cells) ဟာ ဒီခရိုင်က တခြားကျေးလက်နေသူတွေထက် (၆၅) ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိခဲ့ကြပါတယ်။  ဒီလို ကင်ဆာရဲ့ ရှေ့ပြေးဖြစ်တဲ့ ဆဲတွေ အပေါ် ပျက်စီးစေမှုဟာ ဓါတုချက်စက်ရုံတွေမှာ လုပ်တဲ့ အလုပ်သမားတွေမှာ ရနောင်းဒေသခံတွေထက် (၁၂၀) ရာခိုင်နှုန်း မြင့်မားတာကို တွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုရဲ့ ခေါင်းဆောင် မာကို ပလူဆို (Marco Peluso) ပြောတာကတော့ အနောက်နိုင်ငံတွေမှာဆို ဒီလို မျိုးရိုးထိခိုက်မှုက ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတစ်ခုပဲတဲ့။
(http://www.nytimes.com/2009/12/19/world/asia/19thai.html?pagewanted=all)


၂၀၀၅ ခုနှစ်မှာ လွတ်လပ်တဲ့ စမ်းသပ်မှု တစ်ခု အရ မတ်တာဖွတ်စက်မှုဇုံက ထုတ်တဲ့လေထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်သင့်ဓါတ်တု ပါဝင်မှုဟာ ဖွံဖြိုးပြီး နိုင်ငံများရဲ့ ဘေးကင်းမှု စံချိန် (Safety Standard) ထက် အဆ (၆၀) မှ အဆ (၃,၀၀၀) ထိ ပါဝင်နေတာကို တွေ့ရပါတယ်။


၂၀၀၇ ခုနှစ်မှာ ဒေသခံ (၂,၁၇၇) ဦးကို ဇွန်လ နဲ့ သြဂုတ်လအတွင်းမှာ စမ်းသပ်ကြည့်တဲ့ အခါ သူတို့အထဲမှ လူ (၃၀၀) ကျော်ဟာ ပုံမှန်မဟုတ်ဘဲ ဘန်ဇင်းလယ်ဗယ် မြင့်မားနေတာ (high levels of benzene) တွေ့ရှိခဲ့ရပါတယ်။ (ဘန်ဇင်းဆိုတာကတော့ ကင်ဆာနဲ့ တခြားရောဂါတွေကို ဖြစ်စေတဲ့ အရာပါ။ နောက် အရိုးပါးတာကိုလည်း ဖြစ်စေပါတယ်။ တလောက တရုတ်နိုင်ငံထုတ် ချယ်ရီကားတွေမှာ ဘန်ဇင်း ပါဝင်မှုများတာတွေ့လို့ တရုတ်ကို ပြန်ပို့ဖို့ သြစတြေလျ နိုင်ငံက ဆုံးဖြတ်ခဲ့ပါတယ်။ )

ပတ်ဝန်းကျင် တစ်ဝိုက်က ရေထုတွေကို စမ်းကြည့်တော့လည်း ညစ်ညမ်းမှုဖြစ်နေတာ တွေ့ခဲ့ရပါတယ်။ (http://asiancorrespondent.com/26595/the-environmental-problems-at-map-ta-phut/)


၂၀၀၉ ခုနှစ်မှာတော့ ဒေသခံတွေဟာ မိုးရွာရင် မိုးရွာထဲမှာ လမ်းမလျှောက်ရဲကြတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့အရေပြားတွေကို လောင်စေပြီး ဆံပင်တွေကို ကျွတ်စေလို့ပါပဲ။ စက်ရုံတွေက အဆိပ်သင့် အခိုးအငွေ့တွေကို စွန့်ထုတ်တဲ့အတွက် သူတို့တွေဟာ ညတွေမှာ အသက်ရှူဖို့ ခက်ခဲတာကို ကြုံရပါတယ်။


အသက် (၇၀) ရှိပြီ ဖြစ်တဲ့ သစ်သီးခြံသမား အဘိုးအို နွိုင်ဂျန်တန် (Noi Jaitang) ရဲ့ အဖြစ်ဟာ စိတ်မကောင်းစရာပါ။ ဆယ်စုနှစ်(၂) ခုအ
တွင်းမှာ သူဟာ  မိသားစု (၆) ဦးကို ကင်ဆာကြောင့် ဆုံးရှုံးခဲ့ပါသတဲ့။၂၀၀၉ ဒီဇင်ဘာလမှာ သူ့ဇနီး ရဲ့ ဘယ်ဘက် မျက်လုံးမှာ ကင်ဆာအကျိတ်ဖြစ်နေပါတယ်။ သူဟာ ၂၀၀၉ အောက်တိုဘာလ တုန်းက (၁၂၅) မိုင်ဝေးတဲ့ ဘန်ကောက်မြို့ကို ခြေဗလာနဲ့ လမ်းလျှောက်သွားကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေအတွက်ဆန္ဒပြခဲ့ပြီး သေဆုံးမှုတွေ အတွက် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
(http://www.nytimes.com/2009/12/19/world/asia/19thai.html?pagewanted=all)

(ဆက်ရန်)

                                     

No comments:

Post a Comment