Wednesday, September 26, 2012

ထားဝယ် သို့မဟုတ် ... : Development vs. Environment ? အပိုင်း (၂)



                “ကျွန်တော်က စက်ရုံတွေကို မီးရှို့ဖျက်စီးဖို့စိတ်ကူး လုံးဝ မရှိပါဘူး။ ကျွန်တော်လိုချင်တာက အတူတကွ ရှင်သန်ရပ်တည်နိုင်ရေးပါပဲ”

 (ကင်ဆာကြောင့် မိသားစု ခြောက်ယောက်ဆုံးရှုံးခဲ့သူ၊ ဇနီးဖြစ်သူမှာလည်း ဘယ်ဘက်မျက်စိတွင် ကင်ဆာကျိတ်ဖြစ်နေသူ၊ ၂၀၀၉ အောက်တိုဘာလမှာ (၁၂၅) မိုင်ဝေးတဲ့ ဘန်ကောက်မြို့ကို ခြေဗလာနဲ့ လမ်းလျှောက်သွားပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေအတွက်ဆန္ဒပြခဲ့သူ အသက် (၇၀) ရှိပြီ ဖြစ်တဲ့ သစ်သီးခြံသမား အဘိုးအို နွိုင်ဂျန်တန်)

အဘိုးအို နွိုင်ဂျန်တန် Photo Credit-http://thaitranslated.blogspot.com/2009/12/long-march-for-environmental-justice.html

      
          အဓိကပြဿနာကတော့ လေထု ညစ်ညမ်းမှုပဲ ဖြစ်ပါတယ်။ ၂၀၀၉ စက်တင်ဘာလမှာ ထိုင်းပတ်ဝန်းကျင်ညစ်ညမ်းမှု ဆိုင်ရာ ထိန်းချုပ်ရေးဌာနက မတ်တာဖွတ် ဒေသမှာ ရှိတဲ့ လေထုထဲမှာ ကာဆီနိုဂျင် ဒြပ်ပေါင်း (carcinogenic compounds) ကိုးမျိုးကို တွေ့ရှိခဲ့ကြောင်း အစီရင် ခံခဲ့ပါတယ်။ (ကာဆီနိုဂျင်ဆိုတာကတော့ ကင်ဆာကို တိုက်ရိုက်ဖြစ်ပေါ်စေ တဲ့အရာတွေပဲ ဖြစ်ပါတယ်။ )


          ၂၀၀၇ ခုနှစ်မှာတော့ ဒေသခံတစ်စုဟာ သူတို့ရဲ့ ကျန်းမာရေး ဆိုင်ရာ နစ်နာချက်တွေ အတွက် တရားရုံးမှာ တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နိုင်ငံသားတွေရဲ့ လှုပ်ရှားမှု အနေနဲ့  လမ်းပေါ်ထွက်ဆန္ဒပြတာကို ပိုမိုနှစ်ခြိုက်လေ့ရှိတဲ့ ထိုင်းနိုင်ငံမှာ တရားစွဲဆိုတယ်ဆိုတာက ဖြစ်တောင့် ဖြစ်ခဲ ကိစ္စတစ်ခုပါပဲ။ဒေသခံကျေးရွာသား (၂၇) ဦးက တရားစွဲတဲ့ ဒီအမှုဟာ ဂျပန် သံမဏိ စက်ရုံတွေနဲ့ ဂျာမန်လူမျိုးပိုင် ဓါတုစက်ရုံတွေပါဝင်တဲ့ အမေရိကန်ဒေါ်လာ (၉) ဘီလီလျံတန်ဖိုးရှိတဲ့ စီမံကိန်းကို ရပ်တန့်စေခဲ့ပြီး ထိုင်းနိုင်ငံ ပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ လှုပ်ရှားမှုတွေထဲမှာ သမိုင်းမှတ်တိုင် တစ်ခုဖြစ်စေခဲ့ပါတယ်။


          ဒီတရားရုံးဆုံးဖြတ်မှုဟာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို အံ့အားသင့်စေကာ သြဇာကြီးမားတဲ့ထိုင်းကုမ္ပဏီတွေကို ဒေါသထွက်စေခဲ့ပြီး နဂိုကမှ ယိုင်တိုင်တိုင် ဖြစ်နေတဲ့ အစိုးရကို လှုပ်ခတ်လိုက်သလိုဖြစ်သွားခဲ့ပါတယ်။


          ဒါဇင်နဲ့ ချီတဲ့ စီမံကိန်းတွေကို ဆန့်ကျင်တဲ့ ဒီတရားရုံး အမိန့်ကို မကြာခင်မှာ ပြန်လည် မရုပ်သိမ်းခဲ့ဘူးဆိုလျှင် နောင်ဆယ်စုနှစ်မှာ ထိုင်းစီးပွားရေးကို ထိခိုက် နစ်နာလိမ့်မယ်လို့ ထိုင်းကုန်သည်ကြီးများ အဖွဲ့က သတိပေးခဲ့ပါတယ်။


          ဒါပေမယ့် ဒီအမှုကို အနိုင်ရစေခဲ့တဲ့ ရှေ့နေ ဆရီစူဝမ် ဂျန်ည (Srisuwan Janya) ကတော့  တရားရုံးဆုံးဖြတ်ချက်ဟာ တိုင်းပြည်ဖွံ့ဖြိုးမှုရဲ့ခေတ်သစ်အရုံဦး နဲ့ ဂျီဒီပီကိုသာ အသားပေးခဲ့တဲ့ တိုင်းပြည် စီးပွားရေး ရည်ရွယ်ချက်ရဲ့အဆုံးသတ်ဆိုတာကို အချက်ပြလိုက်တာပဲလို့ ထင်မြင်ယူဆပါတယ်။


ရှေ့နေ ဆရီစူဝမ် (Srisuwan) Photo Credit -http://www.nationmultimedia.com/2009/11/30/business/business_30117610.php


          “ခုကစပြီး သူတို့တွေဟာ ငွေရဖို့ တစ်ခုတည်း ကြည့်လို့မရတော့ပါဘူး။ ပတ်ဝန်းကျင်နဲ့ ဒေသခံလူထုအဖွဲ့အစည်းရဲ့ချမ်းသာသုခ (Well-Being)ကိုလည်း မဖြစ်မနေ ဂရုပြုရမှာ ဖြစ်ပါတယ်” လို့ လယ်သမားမိသားစုက ပေါက်ဖွားလာတဲ့ ဆရီစူဝမ်က ပြောပါတယ်။

          တရားရုံး ဆုံးဖြတ်ချက်ကို အမျိုးမျိုးဝေဖန်သူတွေထဲမှာ ယူဆချက်တစ်ခုကတော့ တူညီကြပါတယ်။ အဲ့ဒါကတော့ မတ်တာဖွတ် ဟာ ပတ်ဝန်းကျင်ကို ပြင်းပြင်းထန်ထန် ညစ်ညမ်းစေပြီး အနီးအနားမှာ နေထိုင်တဲ့ ဒေသခံကို ကျန်းမာရေးဆိုးရွားစေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင် ပညာရှင်တွေကတော့ တရားရုံးဆုံးဖြတ်ချက်ဟာ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ဆက်လက်ယူဆနေကြဆဲပါ။


          တရားရုံးဆုံးဖြတ်ချက်ဟာ စီမံကိန်း အသစ်တွေကိုပဲ ရပ်နားစေခဲ့တာပါ။ ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွာညစ်ညမ်းစေတဲ့ နဂို စက်ရုံအဟောင်းတွေကိုတော့ ဆက်လက်လည်ပတ်စေခဲ့ပါတယ်။ အဲ့အချိန်က အုပ်ချုပ်နေတဲ့ အစိုးရက ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို အသစ် ရေးဆွဲပြဌာန်းသင့်ပြီလို့ ယူဆကြပါတယ်။ ဒါပေမယ့် တကယ်လုပ်ရမှာက အသစ်ရေးဆွဲပြဌာန်းတာထက် လက်ရှိ ဥပဒေကို အာဏာတည် အကျိုးသက်ရောက်စေသင့်တယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။


          “ကျေးလက်ဒေသတွေမှာ ဆိုရင် ဒီဥပဒေရဲ့ အကျိုးသက်ရောက်မှုဟာ မရှိသလောက်ကို နည်းပါတယ်။လေထု ညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ အသံဆူညံမှု အတွက် ခင်ဗျားဟာ တိုင်ကြားနိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ခင်ဗျားကို ဂရုစိုက်ကြမှာ မဟုတ်ပါဘူး” လို့ ပတ်ဝန်းကျင်ဆိုင်ရာ အတိုင်ပင်ခံ အမေရိကန်သား အန်ထော်နီ ဇိုလာ (Anthony Zola) က ရှင်းပြပါတယ်။


          မတ်တာဖွတ်မှာ ညစ်ညမ်းမှုတွေ ဖြစ်စေတဲ့ ကုမ္ပဏီတွေကတော့ ဂျာမန် ဆေးဝါး ကုမ္ပဏီဖြစ်တဲ့ Bayer  ၊ အိန္ဒိယ စီးပွားရေး ကုမ္ပဏီ အင်အားစုဖြစ်တဲ့ Aditya Birla Chemicals ၊ နဲ့ သြစတြေးလျရဲ့ သံမဏိ ကုမ္ပဏီ ဖြစ်တဲ့ BlueScope နဲ့  ထိုင်းရဲ့ စွမ်းအင်မှာ အကောင်လို့ ပြောလို့ရတဲ့ PTT လက်အောက်က နှစ်ဒါဇင်မျှ ရှိတဲ့ ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။


          ကုမ္ပဏီဘက်ကလိုက်တဲ့ ရှေ့နေတွေကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို သူတို့ မကျေနပ်ဆုံးအပိုင်းကတော့ အသေးစိတ်ပြဌာန်းထားတဲ့ နည်းဥပဒေမရှိဘဲ ဥပဒေဟာ လိုက်နာဖို့ မဖြစ်နိုင်လို့ပါပဲ တဲ့။ ဒီနည်းဥပဒေဟာ ရေးဆွဲရမှာက အစိုးရရဲ့  ကိစ္စဖြစ်ပါတယ်။


          ၂၀၀၆ မှာ အာဏာသိမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ပြဌာန်းခဲ့တဲ့ အခြေခံ ဥပဒေမှာ ပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေကို အားပေးအားမြောက်ပြုထားပါတယ်။ ဘယ်စီမံကိန်းကို မဆို သဘောတူညီမှုမရခင်မှာ ပတ်ဝန်းကျင် သို့မဟုတ် ကျန်းမာရေးကို အပြင်းအထန်ထိခိုက်မှု (Serious Impact) ရှိမရှိ  အသေးစိတ် လေ့လာစုံစမ်းမှု ပြုလုပ်ရမယ်လို့ ပြဌာန်းထားပါတယ်။


          ဒါပေမယ့် အပြင်းအထန် (Serious) ဆိုတဲ့ အဓိပ္ပာယ် ကို ဘယ်တုန်းကမှ ဖွင့်ဆို ရှင်းလင်းတာ လုပ်မထားပါဘူး။ ပြီးတော့ ကုမ္ပဏီတွေ လိုက်နာလုပ်ဆောင်ရမယ့် လမ်းညွှန်တွေကိုလည်း အသေးစိတ် ဘယ်တုန်းကမှ ရေးဆွဲပြဌာန်းမထားပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ချိန်ထိုင်းနိုင်ငံရဲ့ မတည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေတွေက အရာရှိတွေကို အာရုံလမ်းလွဲစေခဲ့လို့ပါပဲ။


          “ခုတော့ ကုမ္ပဏီတွေက ဘာလုပ်ရမယ်မှန်းကို မသိကြဘူး။ သူတို့တွေ လိုက်နာဆောင်ရွက် အကောင်အထည်ဖော်ချင်ပေမယ့် စည်းမျဉ်းအမိန့်တွေ မရှိတော့ အကောင်အထည်ဖော်ဖို့ မတတ်နိုင်ဘူးဖြစ်နေကြပါတယ်”လို့ တရားရုံးဆုံးဖြတ်ချက်ကို လိုက်နာရမယ့် ကုမ္ပဏီတွေကို အကျိုးဆောင်ပေးတဲ့ ဘေကာနဲ့ မက်ကင်ဇီ ဥပဒေ အကျိုးဆောင် အဖွဲ့က ဆီဗပုံ (Sivapong Viriyabusaya) က ပြောပါတယ်။


          တရားရုံးမှာ အနိုင်ရတဲ့ ဘက်က ရှေ့နေ ဖြစ်တဲ့ ဆရီစူဝမ် (Srisuwan) ကတော့ တရားရုံးဆုံးဖြတ်ချက်ကြောင့် နိုင်ငံ့စီးပွားရေးအပေါ် ရိုက်ခတ်လာမှာကို အားတုန့် အားနာဖြစ်မနေပါဘူး။ “ ကျွန်တော်ကတော့ ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ဂရုမစိုက်ဘူး။ အလုပ်အကိုင်တွေ စီးပွားရေး ဆုံးရှုံးမှာကိုလည်း အလေး မမူနိုင်ပါဘူး။ ကျွန်တော်အလေးထားတာကတော့ လူတွေရဲ့ ဘ၀တွေ၊ အသက်တွေကို ကာကွယ်ပေးဖို့ပါပဲ” လို့ သူက ပြောချလိုက်ပါတယ်။



          အစိုးရကတော့ သူတို့တွေဟာ ဒီတရားရုံးအဆုံးအဖြတ်ကို ပြောင်းလဲ နိုင်ဖို့ လိုအပ်တဲ့ ဥပဒေကို မြန်နိုင်သမျှ မြန်မြန် ပြဌားနိုင်ဖို့ လုပ်ဆောင်နေပါတယ်လို့ ပြောပါတယ်။ ဆရီစူဝမ်ပြောတာကတော့ ဒီအမှုဟာ ပြဿနာကြီးရဲ့ ခပ်ပါးပါး အပိုင်းလေး (tip of the iceberg) ပဲ ရှိပါသေးတယ်တဲ့။


          ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလိုက်နာဘဲနေတဲ့ စက္ကူ၊ သံမဏိ နဲ့ ရေနံ ကုမ္ပဏီတွေပါဝင်တဲ့ စက်ရုံပေါင်း (၁၈၁) ရှိပါသေးတယ်။”သူတို့တွေ အားလုံးကို တရားစွဲဆို ရုံးတင်ဖို့ ကျွန်တော်လုပ်ဦးမှာ” လို့ ဆရီစူဝမ်က ပြောပါတယ်။

(http://www.nytimes.com/2009/12/19/world/asia/19thai.html?pagewanted=all)


(ဆက်ရန်)

No comments:

Post a Comment