၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ အောက်တရားရုံးက ဆိုင်းငံ့ထားခိုင်းတဲ့
စီမံကိန်း စက်ရုံအသစ်(၇၆) ခုထဲမှ (၁၁) ခုကို
ဆက်လက်လုပ်ဆောင်ခွင့်ပေးလိုက်ပြီး ကျန်တဲ့ စက်ရုံ (၆၅) ခုကိုတော့
ဆိုင်းငံ့ထားဖို့ ထိုင်း တရားရုံးချုပ်က အမိန့်ချအတည်ပြုလိုက်ပါတယ်။
အမေရိကန်ဒေါ်လာ(၈) ဘီလျံတန်ဖိုးရှိတဲ့ ၊ ရပ်ဆိုင်းဖို့ အမိန့်ချမှတ်ခံရတဲ့ ဒီစက်ရုံသစ် (၆၅) ခုဟာ အစိုးရက ဖွဲ့ပေးတဲ့ စုံစမ်းရေး ကော်မရှင်က လေ့လာစုံစမ်းနေစဉ် အတောအတွင်း ရပ်တန့်ထားရမှာ ဖြစ်ပါတယ်။ ဒီအံအားသင့်ဖွယ် ဆုံးဖြတ်ချက်ကြောင့် ထိုင်းစတော့ ဈေးနှုန်းဟာ (၂.၃) ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ (http://www.reuters.com/article/2009/12/02/idUSBKK396240)
ယခင် ၀န်ကြီးချုပ်ဟောင်း အနန် ပန်ညရာခွန် (Anand Panyarachun)ကို စုံစမ်းရေး ကော်မရှင်ရဲ့ ဥက္ကဌကအဖြစ်အစိုးရက တာဝန်ပေးအပ်ခဲ့ပါတယ်။
ဘန်ကောက်ရေနံလုပ်ငန်းရှင်များ အသင်း ဥက္ကဌ အဆိုအရ ဒီလို ရပ်ဆိုင်းလိုက်ရတဲ့အတွက် ဆောက်လုပ်ရေးလုပ်သားတွေ အများစုပါဝင်တဲ့ အလုပ်သမားထုဟာ အလုပ်လက်လွတ်ဖြစ်ကြရပြီး စုစုပေါင်း အလုပ်လက်မဲ့ဦးရေ (၄) သောင်းထိ ဖြစ်စေခဲ့ပါတယ်။ (http://www.aljazeera.com/programmes/101east/2010/04/20104219545638882.html)
တကယ်လို့ ၀န်ကြီးချုပ် အဘီဆစ်ဦးဆောင်တဲ့ လုပ်ငန်းရှင် အစိုးရက ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းမပေးနိုင်ဘူးဆိုရင် အစိုးရအပေါ် အများ ယုံကြည်လက်ခံနိုင်မှုဟာ အခြေအနေဆိုးသွားနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
“တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အလေးထားမယ်ဆိုရင် ထိုင်းနိုင်ငံကို ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု သေချာပေါက် ကျဆင်းသွားမှာ ဖြစ်ပါတယ်” လို့ နိုင်ငံခြား ကုမ္ပဏီပေါင်း (၁) သောင်းကျော်ကို ကိုယ်စားပြုတဲ့ နိုင်ငံခြား ကုန်သွယ်မှုဖက်စပ်လုပ်ငန်းရှင်များအဖွဲ့ ဥက္ကဌက ပြောဆိုခဲ့ပါတယ်။(http://www.reuters.com/article/2009/12/02/idUSBKK396240)
ဝန်ကြီးချုပ်ရဲ့ အတွင်းရေးမှူးပြောတာကတော့ ဆိုင်းငံ့ထားရတဲ့ စက်ရုံတွေဟာ ထိုင်းနိုင်ငံရဲ့ ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု အကဲဖြတ်ခြင်း (EIA- Environmental Impact Assessment ) နဲ့ ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှု အကဲဖြတ်ခြင်း ( HIA- Health Impact Assessment ) တွေကို မဖြစ်မနေ လုပ်ရမှာ ဖြစ်ပါတယ်။ အစိုးရက မတ်တာဖွတ်ဒေသခံတွေ အတွက်လည်း ငွေကြေးတွေ အများကြီး သုံးထားပါတယ်။ “ကျနော်တို့ အစိုးရဟာ ရင်းနှီးမြှုပ်နှံသူတွေ အတွက်ပဲ အလေးထားတာ မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။
ဒီဒေသမှာ ရှိတဲ့ လူဦးရေထဲက အနည်းဆုံးနှစ်ထောင်ကျော်ဟာ ကင်ဆာနဲ့ ဆက်စပ်တဲ့ ရောဂါတွေကြောင့် သေဆုံးခဲ့ကြရကြောင်း ဒီစက်မှုဇုံက ဒေသခံတွေ ရဲ့ ထိခိုက်မှုကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ လှုပ်ရှားတက်ကြွသူတွေက ပြောပါတယ်။
ဒေသခံ စိုက်ခင်းပိုင်ရှင်တွေ အဆိုအရ သူတို့ စိုက်ခင်းတွေဟာ ဘာမှ စိုက်လို့ မရတော့ပါဘူးတဲ့။ သူတို့ ဟင်းသီး ဟင်းရွက်နဲ့ သီးနှံတွေဟာ ရောဂါကျရောက်ပြီး ပျက်စီးကုန်ပါတယ်တဲ့။
ရေ နဲ့ ပတ်သတ်လျှင် မိုးရွာတဲ့ ရေ၊ မြေအောက်ရေ နဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ရေထုတွေဟာ အကုန် ညစ်ညမ်းကုန်ပါတယ်။ ရေတွင်းတွေဆို အဆိပ်သင့် ညစ်ညမ်းပြီး ဘယ်လိုမှ သုံးလို့မရတော့ပါဘူး။ စက်ရုံက ထုတ်တဲ့ မီးခိုးတွေဟာ ပတ်ဝန်းကျင်မှာ အမြဲတမ်း မှုန်ရီဝေနေပါတယ်။ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ၊ အာရုံကြောဆိုင်ရာ ပြဿနာတွေကိုလည်း ခံစားနေရပါတယ်။ မတ်တာဖွတ်ဒေသမှာ နေထိုင်သူတွေရဲ့ ကင်ဆာ ဖြစ်နိုင်ခြေဟာ ရနောင်းခရိုင်အတွင်း အခြားဒေသမှာ နေထိုင်ကြသူတွေရဲ့ ကင်ဆာဖြစ်နိုင်ခြေထက် သုံးဆ မြင့်မားနေပါတယ်လို့ ပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေး ပညာရှင် ဒပ်ချရတ် (Decharat Sukummoed) က ပြောပါတယ်။
လှုပ်ရှားတက်ကြွသူတစ်ဦးဖြစ်တဲ့ ဆပ်သီ ( Sutthi Atchasai ) ကတော့ “စက်ရုံတွေဟာ ဒေသခံတွေရဲ့ ထိခိုက်နစ်နာမှုတွေ အတွက် တာဝန်ယူရကောင်းမှန်း မသိကြပါဘူး။ အစိုးရကလည်း မြေပြင်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို နားမလည်ပါဘူး” လို့ ပြောပါတယ်။
“လုပ်ငန်းရှင်တွေဟာ ဥပဒေကို မလိုက်နာဘဲ နေမယ် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီရင်းနှီးမြှုပ်နှံမှုက အကျိုးအမြတ် အများကြီး ရမှာ ဖြစ်လို့ပါပဲ။ သူတို့ရမယ့် အကျိုးအမြတ်က ပတ်ဝန်းကျင် အကျိုးသက်ရောက်မှုကို ကာကွယ်ဖို့လဲ လုံလောက်ပါတယ်။ နောက် ဒေသခံတွေရဲ့ ထိခိုက်မှုတွေကို ကာကွယ်ပေးဖို့ လုံလောက်လို့ပါပဲ” လို့ ဘန်ကောက်က ရေနံလုပ်ငန်းရှင်များရဲ့ ဥက္ကဌက ပြောပါတယ်။
(http://www.reuters.com/article/2009/12/02/idUSBKK396240)
အယ်ဂျာဇီးရား ရုပ်သံက အရှေ့တောင် အာရှ ဂရင်းပိစ် အဖွဲ့ (Greenpeace Southeast Asia) က တစ်ယောက်နဲ့ ထိုင်းနိုင်ငံ ကုန်သည်ကြီးများ ကိုယ်စားလှယ်အဖွဲ့ရုံး (Thai Trade Representative Office) ရဲ့ ဥက္ကဌ တို့ နဲ့ မျက်နှာချင်းဆိုင် ၀ိုင်းဖွဲ့မေးဖြေတာကို ၂၀၁၀ ဧပြီလမှာ လုပ်ခဲ့ပါတယ်။ အမေးခံသူနှစ်ယောက်ထဲမှ ပထမတစ်ယောက်က အာဏာနဲ့ ဓနမဲ့ တဲ့ဒေသခံဘက်အတွက် ပြောဆိုပြီး နောက်တစ်ယောက်ကတော့ အာဏာနဲ့ ဓနအားကောင်းတဲ့ လုပ်ငန်းရှင်တွေဘက်က တုန့်ပြန်ဖြေကြားခဲ့ပါတယ်။
လုပ်ငန်းရှင်ဘက်က ကိုယ်စားလှယ်က စစချင်းမှာပဲ သူတို့ လုပ်ငန်းရှင်တွေဟာ ထိုင်းနိုင်ငံက သတ်မှတ် ပြဌာန်းထားတဲ့ ဥပဒေအတိုင်း ဆောင်ရွက်ပါတယ်။ သူတို့ ဒီမှာ ရှိတဲ့ စက်ရုံတွေဟာ EIA နဲ့ HIA တွေကို ဆောင်ရွက်ပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဟိုအရင်တုန်းကတော့ တချို့စက်ရုံတွေဟာ ဒီလို မလုပ်ခဲ့ဖြစ်ကြပါဘူးလို့ ပြောပါတယ်။
ဂရင်းပိစ်။ ဒီစက်ရုံတွေကိုလည်ပတ်ပြီး နှစ်အနည်းငယ်အတွင်းမှာ လေထု၊ ရေထု နဲ့ မြေထုတွေကို ညစ်ညမ်းပြီး အဆိပ်သင့်စေခဲ့ပါတယ်။ အဓိက ချို့ယွင်းချက်ကတော့ သူတို့တွေကို ဥပဒေအတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မတ်တာဖွတ် ဒေသမှာ လည်ပတ်နေတဲ့ စက်ရုံအများစုဟာ အဆိပ်သင့်ဓါတုပစ္စည်းတွေကို ထုတ်လွှတ်ကြပြီး သူတို့တွေဟာ ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ဖို့ အားနည်းကြပါတယ်။
လုပ်ငန်းရှင်။ ကုမ္ပဏီအများစုက နိုင်ငံမျိုးစုံက လာလုပ်နေကြပြီး ထိုင်းနိုင်ငံရဲ့ ဥပဒေဘောင်အတိုင်းလိုက်နာကြပါတယ်။ တချို့ဟာ ပိုမိုတင်းကျပ်တဲ့ နိုင်ငံတကာ စံချိန် အတိုင်းတောင် လုပ်ကိုင်ကြပါတယ်။ တချို့နိုင်ငံတွေမှာ ပတ်ဝန်းကျင်ဥပဒေအတိုင်းလိုက်နာခြင်း ရှိမရှိကို စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ပြီး ကုမ္ပဏီတွေကို ဥပဒေအတိုင်းလိုက်နာစေပါတယ်။ အစိုးရဘက်က စောင့်ကြည့် စစ်ဆေးမှုလျော့လျဲခဲ့လျှင်တော့ ကုမ္ပဏီဘက်ကလည်း လိုက်နာဖို့ ပျက်ကွက်ကောင်း ပျက်ကွက်ပါလိမ့်မယ်။ (အစိုးရ ဘက်က ကြပ်မတ်မှုအားနည်းလျှင် ကုမ္ပဏီဘက်က လိုက်နာမှာ မဟုတ်ဘူးဆိုတဲ့ သဘောပါပဲ။)
သတင်းထောက်။ ခုလက်ရှိ ပတ်ဝန်းကျင်ဥပဒေကို ချိုးဖောက်လို့ ဆိုင်းငံထားတဲ့ ကုမ္ပဏီ ဟာ (၂၅) ခု ကျန်ပါသေးတယ်။ အစိုးရကတော့ ဒီကုမ္ပဏီတွေဟာ နောက်လအနည်းငယ်အတွင်းမှာ သတ်မှတ်ထားတဲ့ ပတ်ဝန်းကျင်ဆိုင်ရာစံတွေနဲ့ ကိုက်ညီပြီး စတင်လည်ပတ်နိုင်ဖို့ ယုံကြည်ပါတယ်လို့ ပြောပါတယ်။ ရှင်ကော အဲ့လို ယုံကြည်မှု ရှိပါသလား။
ဂရင်းပိစ် ။ လက်ရှိအချိန်မှာ ဒီစက်မှုဇုံကို ထပ်ပြီး တိုးချဲ့တာကို ရပ်သင့်ပါတယ်။ အဲ့ဒါထက် နဂိုရှိပြီးသား ၊ဖြစ်ပြီးသား ပြဿနာတွေကို အရင် ပြင်ဆင်သင့်တယ်။ အရင်ဆုံး ဒီဒေသကို သန့်ရှင်းအောင် လုပ်ဆောင်ပေးသင့်တယ်။ ဒီလို ဖြစ်ရတာလဲ ဥပဒေကို လိုက်နာဆောင်ရွက်စေဖို့ အားနည်းခဲ့လို့ ပဲ ဖြစ်ပါတယ် လို့ ဖြေပါတယ်။
လုပ်ငန်းရှင်။ ဒီမေးခွန်းကို ဖြေဖို့ထက် ခင်ဗျားရဲ့ မေးခွန်းကို ပြင်ချင်ပါတယ်။ ဒီစက်ရုံတွေဟာ ဥပဒေကို ချိုးဖောက်ခဲ့ကြတာ မဟုတ်ပါဘူး။ သူတို့တွေဟာ ထိုင်းနိုင်ငံရဲ့ ၂၀၀၇ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ HIA ကိုပါ ထပ်ပေါင်း လုပ်ဆောင်ရမှာမို့လို့ သူတို့ဟာ ဒီလို ဆိုင်းငံ့ခံထားရခြင်းဖြစ်ပါတယ်။ ယခင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သူတို့တွေက EIA လုပ်ဆောင်ပြီးကြပါပြီ။ သူတို့တွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပြောင်းအလဲကာလအတွင်း ဆောင်ရွက်ခဲ့ကြတာဖြစ်လို့ ဒီလို ကြုံတွေ့ကြရတာ။
သတင်းထောက်။ ဒေသခံတွေဟာ စက်ရုံတွေကြောင့် ထိခိုက်နစ်နာရပါတယ်။ ကုမ္ပဏီတွေ အနေနဲ့ လူမှုဆိုင်ရာ တာဝန်ယူမှုကောလုပ်ဖို့ ရှိပါသလား။
လုပ်ငန်းရှင်။ ဒီလို လုပ်ဆောင်ဖို့ အားလုံးဟာ ပူးပေါင်းလုပ်ဆောင်ကြရမှာပါ။ ကုမ္ပဏီရယ် အစိုးရရယ် သူ့ အခန်း ကဏ္ဍ နဲ့ သူ ပူးပေါင်းလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။မတ်တာဖွတ်ဇုံမှာ ရှိတဲ့ ယခင်ရှိပြီးသားစက်ရုံတွေကလည်း လေထု၊ ရေထု စတဲ့ ညစ်ညမ်းမှုတွေ သက်သာလျော့နည်းအောင် ပိုမို ရင်းနှီးမြှုပ်မှုတွေ လုပ်နေကြပါပြီ။ နောက်ပိုင်းမှာ ဆိုရင် ပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ ထုတ်လုပ်မှုတွေ ဖယ်ရှားဖို့ အတွက် သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D- Research and Development) တွေလုပ်ဆောင်ပြီး တန်ဖိုးမြှင့် (Value-added) ပစ္စည်းတွေ ထုတ်လုပ်ဖို့ကို ဦးတည်သွားမှာ ဖြစ်တဲ့ အတွက် ဒီဒေသက ပတ်ဝန်းကျင်ကို ရှေ့လျှောက် ပိုမိုထိခိုက်စရာအကြောင်းရှိတော့မှာ မဟုတ်ပါဘူး။
သတင်းထောက်။ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မတ်တာဖွတ်အဖြစ်အပျက်ကနေ သင်ခန်းစာယူပြီး နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု မပြုလုပ်မီမှာ ဘာတွေလေ့လာသင့်ပါသလဲ။
လုပ်ငန်းရှင်။ လက်ရှိအဖြစ်အပျက်က (ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲခဲ့တဲ့) အပြောင်းအလဲ ကာလမှာ လုပ်ဆောင်ခဲ့တာဖြစ်လို့ ထိုင်းနိုင်ငံမှာ နောက်ဆို ဒီလိုမတော်တဆ တိုက်ဆိုင်မှုမျိုး ဘယ်တော့မှထပ်ပြီး မကြုံဆုံသင့်ပါဘူး။ ပတ်ဝန်းကျင်၊ ကျန်းမာရေးဆိုင်ရာ လေလာဆန်းစစ်မှု (EIA& HIA) တို့နဲ့ ပတ်သတ်လို့လည်း ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းစဉ် နဲ့ ဥပဒေတွေ ရှိနေပြီ ဖြစ်လို့ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေတွေကို ပိုမိုကောင်းမွန်စွာလုပ်ဆောင်လျှင် နိုင်ငံတကာစံ အဆင့် အတိုင်းဖြစ်မှာပါ။ ဒါပေမယ့် စက်ရုံတွေကို ကုန်ကြမ်း ရရှိနိုင်မှု အခြေအနေအရ ကိုယ်စိတ်ကူးတည့်ရာ နေရာတိုင်းမှာ တည်ဖို့ မဖြစ်နိုင်ပါဘူး။ သဘာဝ ဓါတ်ငွေ့ဆိုတာကလည်း ထိုင်းပင်လယ်ကွေ့က ထွက်တာဖြစ်တဲ့ အတွက် စက်မှုဆက်လက်ဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့ဟာ တချို့ ပင်လယ်ကမ်းခြေနေရာတွေကိုတော့ စတေးရမှာပါပဲ။
ဂရင်းပိစ်။ မတ်တာဖွတ်ဟာ ထိုင်းနိုင်ငံရဲ့ အဆိပ်သင့် ဖြစ်ပွားရာ နေရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ကတော့ ဒီဒေသဟာ ညစ်ညမ်းမှုတွေ ထုတ်ဖို့ အဆင်ပြေတဲ့ နေရာကောင်း (Pollution Heaven) တစ်ခုပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတကာစံတွေနဲ့ နှိုင်းယှဉ်လျှင် လျော့လျဲတဲ့ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေကြောင့်ပဲ ဖြစ်ပါတယ် ။
လုပ်ငန်းရှင်။ (လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး) ခင်ဗျား ဒီသတင်းအချက်အလက်တွေ ဘယ်ကရသလဲ။ ကျိုးကြောင်းပြချက်မရှိဘဲ ဒီလို ပြောတာကတော့လွယ်ပါတယ်။
ဒါပေမယ့် ကောင်းမွန်ခိုင်လုံတဲ့ အထောက်အထား အချက်အလက်တွေ မပါဘဲ၊ ဒီလို ပြောပြီး ခင်ဗျားက ကိုယ့်တိုင်းပြည်ကို ထိခိုက်အောင်လုပ်နေတာပဲ။
ဂရင်းပိစ်။ (ပြုံးစစ နဲ့ ) ဟုတ်ကဲ့၊ ကျွန်တော့်မှာ အထောက်အထားတွေ ရှိပါတယ်။
လုပ်ငန်းရှင်။ ဒါဆို ခုပြလေ။ ဘာလို့ ယူမလာတာလဲ။ ရှိလျှင် အစိုးရကို တင်ပြပါ့လား။
ဂရင်းပိစ်။ ကျွန်တော်တို့ လေ့လာမှု တချို့လုပ်ပြီး အချက်အလက် အစီရင်ခံစာကို အစိုးရထံတင်ပြပြီးသားပါ။ ဥပမာ- တချို့ ဒြပ်ပေါင်းတွေကို ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်တဲ့ ဌာနက စံသတ်မှတ်ပြီး အကောင်အထည်ဖော်ဖို့ မလုပ်ခဲ့ပါဘူး။
သတင်းထောက် ။ အစိုးရကရော နားထောင်အလေးထားရဲ့လား။
ဂရင်းပိစ်။ အစိုးရက ကျွန်တော်တို့ အစီရင်ခံစာကြောင့် စံသတ်မှတ်ဖို့ လုပ်နေပါပြီ။
သတင်းထောက်။ ဒီကိစ္စဟာလည်း အပြောင်းအလဲကာလ ဖြစ်ကောင်းဖြစ်မှာပေါ့နော်။
ဂရင်းပိစ် နဲ့ လုပ်ငန်းရှင်။ ဟုတ်တယ်။ အဲ့ဒါ အမှန်ပဲ။
လုပ်ငန်းရှင်။ ကျွန်တော်တို့ နိုင်ငံက အများကြီးသာနေပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေဆိုရင် တခြား အာစီယံ နိုင်ငံတွေထက် အများကြီးရှေ့ရောက်ပြီး ကောင်းမွန်တာပေါ့။
ဂရင်းပိစ်။ အဲ့ဒါတော့ ကျွန်တော်လည်း သဘောတူပါတယ်။ ဒါပေမယ့် (ဥပဒေ) သက်ရောက်မှုရှိအောင်လုပ်ဖို့လိုတယ်နော်။
လုပ်ငန်းရှင်။ ကျွန်တော်လည်း ခင်ဗျားပြောတာကို သဘောတူတယ်။ ကျွန်တော်တို့ အတူလက်တွဲပြီး လုပ်ကြတာပေါ့။ ဒါပေမယ့် ထိုင်းနိုင်ငံကိုတော့ အဆိုးရွားဆုံး စက်မှုဇုန်တွေရှိတဲ့ ဒေသလို့တော့ ဝေဖန်ပြစ်တင်တာမလုပ်ပါနဲ့။ ကျွန်တော်ပြောတာ မျှတတယ်လို့ ထင်ပါတယ်။
(http://www.aljazeera.com/programmes/101east/2010/04/20104219545638882.html)
ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ကော..........
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပတ်ဝန်းကျင်နဲ့ ပတ်သတ်လို့ ဘာတွေ ထည့်သွင်းပြဌာန်းထားပါသလဲ။
နောက်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကကော နိုင်ငံတကာ စံ နဲ့ နှိုင်းယှဉ်လျှင် ဘယ်လို အခြေအနေ ရှိပါသလဲ။ EIA ၊ HIA ၊ SIA တွေလုပ်ဖို့ ပြဌာန်းထားပါလား။
မထွက်သေးတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေမှာလဲ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေအတွက် ဘယ်လောက်ထိ အသေးစိတ်ပါမှာလဲ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှာကော ဘယ်လောက်ထိ လုပ်ပိုင်ခွင့် ရှိပြီး ဘယ်လို ၀န်ထမ်းတွေပါကြမှာပါလဲ။
ဒေသခံတွေကို ကူညီဖို့ CSO လို့ ခေါ်တဲ့ လူထု အခြေပြု အဖွဲ့အစည်းတွေ ကော ရှိကြပြီလား။ အဲ့လို အဖွဲ့တွေကကော ဘယ်လောက်ထိ လုပ်ဆောင်ခွင့် ရှိကြမလဲ။
ပတ်ဝန်းကျင်နဲ့ ပတ်သတ်လို့ ထူထုဘက်က ရပ်တည်မယ့် ဒေါင်ဒေါင်မြည် ပညာရှင်တွေကော ပေါ်နေပြီလား။
ကျွန်တော်ကတော့ အပေါ်က အချက်တွေကို သိချင်လှပါတယ်။ စာဖတ်သူကော မသိချင်ဘူးလား။
(ဆက်ရန်)
Photo- (http://www.aljazeera.com/programmes/101east/2010/04/20104219545638882.html)

![]() | |||||
Photo- (http://www.aljazeera.com/programmes/101east/2010/04/20104219545638882.html) |

No comments:
Post a Comment