Sunday, October 21, 2012

ထားဝယ် သို့မဟုတ် ... : Development vs. Environment ? အပိုင်း (၇)


အပိုင်း (၇)
29/08/2012
          ထိုင်းအစိုးရအနေနဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် မြန်မာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရဖို့ ရှိတဲ့ လုပ်ဆောင်စရာတွေကို စီစဉ်ထားတဲ့ အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


             ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးရာ အတွင်းရေးမှူး ဆီဟာစတ် (Sihasak Phuangketkaew) ကတော့ အိမ်နီးချင်း ထိုင်းနဲ့ မြန်မာ ရေးထိုးထားကြတဲ့ နားလည်မှု စာချွန်လွှာအရ ထားဝယ်စီမံကိန်းအတွက် သဘောတရားဆိုင်ရာစာတမ်းငယ်ကို မြန်မာ အစိုးရထံ ပြီးခဲ့တဲ့ အပတ်က ပေးပို့ခဲ့ပါတယ်လို့ ပြောပါတယ်။

             ဒီနားလည်မှု စာချွန်လွှာကို မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ် တို့က ပြီးခဲ့တဲ့လ (ဇူလိုင်လ) က ရေးထိုးခဲ့ကြပါတယ်။

              ထားဝယ်စီမံကိန်းကို ထိုင်းအရှေ့ပိုင်း ကမ်းခြေတွေ နဲ့ အတူ အကောင်အထည်ဖော်ရာမှာ အားပေးဖို့ နှစ်ဘက် အစိုးရတွေ အနေနဲ့ မကြာခင်ကမှအဆိုပြုထားတဲ့ လုပ်ငန်းစဉ်တွေ အတိုင်း အတူတကွ လုပ်ဆောင်သင့်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးတွေ ပူပေါင်းလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ကို လိုလားပါတယ် လို့ သူက ပြောပါတယ်။


               ဆီဟာစတ်ဟာ မကြာခင်ကမှ ထိုင်းနိုင်ငံ ပို့ဆောင်ရေး နဲ့ စက်မှုဝန်ကြီးဌာနက အရာရှိတွေ၊ နောက် အမျိုးသား စီးပွားရေး နှင့် လူမှု ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့က အဖွဲ့ဝင်တွေကို ဦးဆောင်ပြီး မြန်မာပြည်ကို သွားခဲ့ပါသေးတယ်။


               ဒီအဖွဲ့ဟာ ထားဝယ်စီမံကိန်းစတင်ဖို့ ၀န်ကြီးချုပ်ယင်လတ် မြန်မာပြည်ကို မသွားခင်မှာ ထပ်မံသွားရောက်ပြီး ညှိုနှိုင်းတိုင်ပင်စရာရှိတာတွေကို သွားရောက်တိုင်ပင်ဦးမှာ ဖြစ်ပါတယ်။ (၀န်ကြီးချုပ် ယင်လတ်ရဲ့ ခရီးစဉ်ဟာ ယခုလက်ရှိတော့ ပျက်သွားပြီ လို့ သတင်းများမှာ  ဖော်ပြထားပါတယ်။  ဘယ်တော့ သွားဖြစ်မယ်ဆိုတာ မသိရှိသေးပါ။ )


             မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်မယ့် ထားဝယ်စီမံကိန်းနဲ့ ပတ်သတ်ပြီး  စောနိုင်သမျှ စောစော ပြောဆိုချင်နေပါတယ်လို့ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးရာဝန်ကြီးက ပြောဆိုပါတယ်။


              ဆီဟာစတ်က “နှစ်နိုင်ငံ အစိုးရတွေဟာ အခြေခံအဆောင်အဦ ဆောက်လုပ်ရေး၊ စက်မှုဇုံတည်ဆောက်ရေး၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် ကုန်စည်တွေ ပို့ဆောင်ရာမှာ လိုအပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်ရေးတို့ကို အလေးထားသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။


               ဒါ့အပြင် ထိုင်းနိုင်ငံဟာ ထားဝယ် ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ဒေသခံတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေး၊ အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ  သင်တန်းတွေပေးရေး၊ ဒေသခံတွေကို ပြောင်းရွှေ့ အခြေချပေးရေး၊ အတတ်ပညာပိုင်းဆိုင်ရာ ကိစ္စတွေ၊ ပညာရေး နဲ့ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုတွေမှာ  ပူးပေါင်းလုပ်ဆောင်ဖို့ တွန်းအားပေးမှာလည်း ဖြစ်ပါတယ်။


          အဓိက ကန်ထရိုက်ဖြစ်တဲ့ အီတာလျံထိုင်း ကုမ္ပဏီကို ကူညီဖို့၊ ရင်းနှီးမြှုပ်နှံသူတွေကို အားပေးဖို့ နဲ့ စီမံကိန်းဆောက်လုပ်ရာမှာ လိုအပ်တဲ့ ပစ္စည်းတွေ ရွှေ့ပြောင်းရာမှာ ကူညီဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


          စီမံကိန်းအကြောင်းကို နိုင်ငံတကာက သိရှိအောင်လည်း ထိုင်းနိုင်ငံက ကြိုးစားသွားမှာ ဖြစ်ပါတယ် လို့ ဆီဟာစတ် က ပြောဆိုပါတယ်။


          လူထု အခြေပြု အဖွဲ့တွေရဲ့ခေါင်းဆောင်တွေရယ်၊ အတတ်ပညာရှင်တွေကတော့ မြန်မာနိုင်ငံဘက်က ထားဝယ်နဲ့ ထိုင်းနိုင်ငံကို ဆက်သွယ်မယ့် လမ်းတလျှောက်မှာ ရှိတဲ့ ဒေသခံတွေကို ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်မယ်လို့ ယုံကြည်ကြတဲ့ အတွက် ထိုင်းအစိုးရ အနေနဲ့ ဒီစီမံကိန်းကို ပြန်လည် သုံးသပ်ပေးဖို့ တောင်းဆိုထားကြပါတယ်။
(http://www.bangkokpost.com/news/local/309797/govt-to-submit-coordination-blueprint-for-dawei-port)


30/08/2012
          ထိုင်းအစိုရ အနေနဲ့ ထားဝယ်စီမံကိန်းမှာ လုပ်ဆောင်နေကြတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ငွေကြေးထည့်ဝင်သူတွေကို ပိုမို အဆင်ပြေစေဖို့ အတွက် မြန်မာပြည်အတွင်းမှာ ပို့ဆောင်ရေးနဲ့ အခြခံ အဆောင်အဦတွေ ဖွံဖြိုးအောင် ရင်းနှီးမြှုပ်နှံဖို့ အေဒီဘီ (The Asian Development Bank) က အကြံပြုလိုက်ပါတယ်။


                        ထိုင်းနိုင်ငံဆိုင်ရာ အေဒီဘီ ညွှန်ကြားရေးမှူး         (Photo- Bangkok Post)
        
             ထိုင်းနိုင်ငံ ဘန်ယိုင်ခရိုင် နဲ့ ကန်ချနဘူရီ ဒေသတွေ သာမက ထားဝယ်ကို ရောက်ရှိဖို့ အတွက် ကားလမ်း၊ ရထားလမ်းအတွက်ပါ စဉ်းစားသင့်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အေဒီဘီ ညွှန်ကြားရေးမှူးက ပြောဆိုလိုက်တာပါ။ 

 (ဘန်ယိုင်ခရိုင် (Bang Yai District) ဟာ ထိုင်းနိုင်ငံ အလယ်ပိုင်းလောက်မှာ ရှိပါတယ်။ ကျန်ချနဘူရီ ဒေသ (Kanchanaburi Province) ကတော့ ထိုင်းနိုင်ငံ အနောက်ပိုင်း မြန်မာ နယ်စပ်နဲ့ ကပ်လျက်ရှိပြီး ထားဝယ်ကို သွားရာမှာ ဖြတ်သန်းသွားရတဲ့ ဒေသဖြစ်ပါတယ်။ ကျန်ချနဘူရီ နာမည်က ဒေသ(Province)၊ ခရိုင် (District ) နဲ့ မြို့နာမည်တွေ အားလုံးရှိပါတယ်။ ထိုင်းနိုင်ငံမှာ ဒေသ (Province) ပေါင်း (၇၆)ခု ရှိပါတယ်။ ဘန်ကောက်ကတော့ ဒေသ (Province) မဟုတ်ဘဲ အထူးစီမံခန့်ခွဲမှု ဧရိယာ (special administrative area) တစ်ခု ဖြစ်ပြီး ဘန်ကောက်ကိုပါ ပေါင်းရင် ထိုင်းနိုင်ငံမှာ ဒေသပေါင်း (၇၇) ခု ရှိပါတယ်။ ဒေသ(Province ) တွေ နာမည်ကိုတော့ နီးစပ်ရာမြို့ကြီးတွေရဲ့ နာမည်ပေးထားပါတယ်။ ဒေသတစ်ခုချင်းစီမှာ ခရိုင်ပေါင်း (၃) ခရိုင်ကနေ (၅၀) ခရိုင်အထိပါဝင်ပြီး ထိုင်းနိုင်ငံမှာ ခရိုင်စုစုပေါင်း (၈၇၈) ခရိုင်ရှိပါတယ်။)


                  အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှု မလိုပါဘူး။ ထားဝယ်ကို ရောက်ဖို့ ကနဦးလိုအပ်တဲ့ ပမာဏကိုပဲ ပြောတာပါ လို့ သူကဆိုပါတယ်။

                   အေဒီဘီ အနေနဲ့ ဘန်ယိုင် နဲ့ ကန်ချနဘူရီ လမ်းကြောင်းအတွက် အတတ်ပညာဆိုင်ရာ ထောက်ပံ့မှုတွေ လုပ်ဆောင်ပြီး ဖြစ်ပါတယ်။


                  အဝေးပြေးလမ်းဌာန အနေနဲ့ (၈၉) ကီလိုမီတာရှည်တဲ့၊ ဘတ် (၄၅.၉) ဘီလီလျံကုန်ကျမယ့် ဘန်ယိုင်- ကန်ချနဘူရီလမ်းကြောင်းကို စတင်လုပ်ဆောင်နေပါပြီ။


                 ထားဝယ်စီမံကိန်းရဲ့ အဓိက ပြဿနာကတော့ ပထမ အဆင့်မှာ ကုန်ကျမယ့် ဒေါ်လာ( ၈) ဘီလီလျံ နဲ့ အဆင့်အားလုံးအနေအတွက်ကျန်ကျမယ့် ဒေါ်လာ (၅၀)ဘီလီလျံ စတဲ့ ထည့်ဝင်ဖို့လိုအပ်တဲ့ ငွေတွေကို ခုထိ မထည့်ဝင်သေးတာပဲ ဖြစ်ပါတယ်လို့ အေဒီဘီ ညွှန်မှူးက ပြောပါတယ်။


                  မြန်မာ၊ ထိုင်းနဲ့ အာဆီယံ နိုင်ငံတွေကို အကျိုးဖြစ်ထွန်းစေမယ့် ဒီစီမံကိန်း အောင်မြင်မှာကို အေဒီဘီအနေနဲ့ အရမ်းကို လိုလားပါတယ်။ အေဒီဘီ နဲ့ ထားဝယ်စီမံကိန်းရဲ့ အဓိက ကန်ထရိုက်တာ အီတာလျံ-ထိုင်းကုမ္ပဏီတို့ တွေ့ဆုံ ဆွေးနွေးပြီးပေမယ့် ကုမ္ပဏီဘက်က ချေးငွေရဖို့ တရားဝင်ကမ်းလှမ်းတာ မရှိသေးပါဘူး။


                  ဒီစီမံကိန်းဟာ မြန်မာတွေကို အလုပ်အကိုင် (၅,၀၀၀) ကျော်ရရှိစေမယ်လို့ ခန့်မှန်းရပါတယ်။


                 လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုဟာ အိမ်နီးချင်း မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ပြဿနာတစ်ရပ်အဖြစ်ရှိနေဆဲပါ။ မြန်မာ အစိုးရ အနေနဲ့ ဘဏ္ဍာရေးနဲ့ တခြားပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ တချိန်ထဲမှာပဲ ပညာရေး နဲ့ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လည်း လိုအပ်နေပါတယ်။
(http://www.bangkokpost.com/news/transport/309949/adb-urges-thailand-to-build-cross-border-route-to-dawei)

(ဆက်ရန်)




No comments:

Post a Comment