အပိုင်း(၅)
15/11/2010
မတ်တာဖွတ်စက်မှုဇုံမှာ ရှိတဲ့ စက်မှုလုပ်ငန်းဆိုင်ရာ စီမံကိန်းအချို့ကို မကြာခင်ကမှ ရပ်ဆိုင်းဖို့ တရားရုံးက အမိန့်ချပြီးတဲ့နောက် ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ ကပ်နေတဲ့ မြန်မာနိုင်ငံက ထားဝယ်ဒေသဟာ အကြီးစား စက်မှုလုပ်ငန်းစီမံကိန်းတွေအတွက် ပိုမိုမျက်စိကျစရာနေရာဖြစ်လာပါတော့တယ်။
၂၀၀၉ ခုနှစ်မှာ တရားရုံးက မတ်တာဖွတ်စက်မှုဇုံမှာ ရှိတဲ့ စီမံကိန်းတချို့ကို ရပ်ဆိုင်းခိုင်းလိုက်ခြင်းဟာ ထိုင်းနိုင်ငံ စက်မှုဖွံ့ဖြိုးရေးကို ချောင်ပိတ်ရိုက်လိုက်သလို ဖြစ်သွားပါတယ်။ လက်ရှိ ပြဿနာကို ဒီတစ်ကြိမ် ဖြေရှင်းနိုင်မှာ ဖြစ်ပေမယ့် အလားတူ ပြဿနာမျိုး နောက်ထပ်ပေါ်ပေါက်လာနိုင်စရာရှိတယ်လို့ တချို့က မှန်းဆကြပါတယ်။
ရွေးချယ်စရာ ထွက်ပေါက် တစ်ခုကတော့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေတဲ့ ဒီအကြီးစားစက်မှုလုပ်ငန်းတွေကို မြန်မာနိုင်ငံဘက်ခြမ်းကို ရွှေ့ပြောင်း လုပ်ကိုင်ဖို့ပဲ ဖြစ်ပါတယ်။
မြန်မာဘက်မှာရှိတဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ ထိုင်းဘက်က ထိုင်းပင်လယ်ကွေ့တို့ကြား အနီးဆုံးဖြစ်နေတဲ့ တနင်္သာရီကမ်းမြောင်ဒေသမှာ ရှိတဲ့ ထားဝယ်ဒေသဟာ ကျိုးကြောင်းဆီလျော်တဲ့ ရွေးချယ်စရာဖြစ်လာပါတယ်။
ထိုင်းတောင်ပိုင်းမှာ ရှိတဲ့ စက်မှုဇုံတွေမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှု သက်သာစေမည့် ပစ္စည်း ကိရိယာတွေ ထပ်ပေါင်းတပ်ဆင်မယ့် အစား အကြီးစား စက်မှုလုပ်ငန်းစီမံကိန်းတွေကို မြန်မာဘက်ခြမ်းက ထားဝယ်ဒေသကို ရွှေးပြောင်းလုပ်ဖို့ရှိတယ်လို့ ထိုင်းအစိုးရတဲ့ စီးပွားရေး မူဝါဒဆိုင်ရာ ပညာရှင်အဖွဲ့အစည်းက တပ်လှန့်လိုက်ပါတယ်။
အင်မတန်ကြီးမားတဲ့ ဖွံ့ဖြိုးမှုစီမံကိန်းအတွက် ထားဝယ်ဒေသကို ချွန်ဘူရီမှာ ရှိတဲ့ အရှေ့ပိုင်းပင်လယ်ကမ်းခြေဒေသနဲ့ ဆက်သွယ်နိုင်ဖို့ ထိုင်းအစိုးရအနေနဲ့ အခြေခံအဆောက်အဦတွေဆောက်လုပ်ဖို့ လိုအပ်ပါတယ်။
ထားဝယ်ဒေသမှာ အီတာလျံထိုင်းကုမ္ပဏီက အဓိက ကန်ထရိုက်အနေနဲ့ အကောင်အထည်ဖော်မယ့် ကြီးမားတဲ့ ဆိပ်ကမ်း ဖွံ့ဖြိုးရေး နဲ့ စက်မှုဇုံဖွံ့ဖြိုးရေး အတွက် မြန်မာ အစိုးရအနေနဲ့ အားပေးအားမြှောက်ပြုနေပါတယ်။ ဒီစီမံကိန်းမှာ ပထမအဆင့်ကန်ထရိုက်အဖြစ် ဒေါ်လာ (၈) ဘီလီလျံတန်ဖိုးရှိတဲ့ ဆယ်နှစ်စာ စီမံကိန်းကို လက်မှတ်ရေးထိုးခဲ့ပါတယ်။။ စီမံကိန်းအားလုံးရဲ့တန်ဖိုးဟာ ဒေါ်လာ (၅၈) ဘီလီလျံ သို့မဟုတ် သူ့ထက်ပိုဖို့ပဲ ရှိပါတယ်။
လက်ရှိတော့ ထားဝယ်မှာ ဘာမှ ကြီးကြီးကျယ်ကျယ် မရှိသေးပါဘူး။ ဒါပေမယ့် ဆိပ်ကမ်းစီမံကိန်းဟာ ထိုင်းနိုင်ငံမှာ ရှိတဲ့ လမ်ချဘန် (Laem Chabang) ရဲ့ဆယ်ဆမျှ ကြီးမားမှာ ဖြစ်ပါတယ်။ (လမ်ချဘန်ဆိပ်ကမ်းဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး ၂၀၀၅ ခုနှစ် မှာ ကမ္ဘာပေါ်မှာ ရှိတဲ့ ဆိပ်ကမ်းတွေထဲမှာ နံပါတ် (၂၀) ခုမြောက် အလုပ်အများဆုံးဆိပ်ကမ်းလည်း ဖြစ်ပါတယ်။ ထိုင်းအစိုးရရဲ့ အရှေ့ဘက်ပိုင်း ကမ်းခြေဖွံ့ဖြိုးရေးမှာ လမ်ချဘန်က အဓိက အရေးပါတဲ့ အခန်း
ကဏ္ဍမှာ ရှိနေပါတယ်။)
ထားဝယ်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆိုင်းပြင်းနေတဲ့ ကုမ္ပဏီတွေကတော့ ရေနံကုမ္ပဏီဖြစ်တဲ့ PTT၊ ဘိလပ်မြေကုမ္ပဏီ ဖြစ်တဲ့ Siam Cement Group နဲ့ ဂျပန်က သံမဏိ ကုမ္ပဏီဖြစ်တဲ့ the upstream complex တွေပဲဖြစ်ပါတယ်။
အမျိုးသား စီးပွားရေး နှင့် လူမှု ဖွံ့ဖြိုးမှုဘုတ်အဖွဲ့ရဲ့ အတွင်းရေးမှုးရေးမှူးချုပ်ဖြစ်တဲ့ အာခုန် (Arkhom Termpitthayapaisith) က စက်မှုလုပ်ငန်းတွေကို မြန်မာဘက်ကို ရွှေ့ပြောင်းဖို့လုပ်နေတာဟာ မတ်တာဖွတ်နဲ့ ထိုင်းတောင်ပိုင်းမှာ ဖြစ်နေတဲ့ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စတွေရဲ့ ရိုက်ခတ်မှုပဲ လို့ ပြောပါတယ်။
စစ်တမ်းကောက်ယူမှုအရ ထိုင်းတောင်ပိုင်းမှာ ရှိကြတဲ့ ဒေသခံတွေဟာ ရေနံချက်စက်ရုံ၊ ရေနံဓါတုဆိုင်ရာ စက်ရုံတွေကို လက်ခံဖို့ သဘောမတူတဲ့ အတွက် ရနောင်းခရိုင်ရဲ့မတ်တာဖွတ်ဒေသမှာ ဒီကြီးမားတဲ့ ဒီစက်မှုလုပ်ငန်းတွေကို ဘယ်လိုမှ တည်လို့ မဖြစ်နိုင်ပါဘူး ဆိုတာကတော့ ရှင်းလင်းနေပါတယ်။
ထိုင်းအစိုးရဟာ စက်မှုနဲ့ ရေနံဓါတုပစ္စည်းစက်ရုံတွေအတွက် ဆောင်ခလ (Songkhla) နဲ့ နပ်ခုန် (Nakhon Si Thammarat)ဒေသတွေမှာ နှစ် (၂၀) စာအတွက် ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ဘာတစ်ခုမှ ဖြစ်မလာခဲ့ပါဘူး။
ခုတော့ မြန်မာဘက်ကို အာရုံပြောင်းလွဲသွားပါပြီ။ ပို့ဆောင်ရေးဝန်ကြီးဌာနကတော့ ကန်ချနပူရီကို ဖြတ်ပြီး ထားဝယ်နဲ့ အရှေ့ပိုင်းကမ်းခြေ၊ အဲ့ကမှ တဆင့် ကမ္ဘောဒီးယားကို လမ်းကြောင်းချိတ်ဆက်ဖို့ လေ့လာနေပါတယ်။
အာခုန် ပြောတာက ၀န်ကြီးချုပ် အဘီဆစ်ဟာ ဂျီ-၂၀ အစည်းအဝေးမှာ တရုတ်အစိုးရနဲ့သီးသန့် တွေ့ဆုံတဲ့အခါ ထားဝယ်စီမံကိန်းမှာ ထိုင်းရဲ့အမတာ ကော်ပိုရေးရှင်း (Amata Corp) က တာဝန်ယူလုပ်မယ့် နယ်မြေထဲမှာ တရုတ်ကုမ္ပဏီတွေပါဝင်လုပ်ကိုင်ဖို့ တိုက်တွန်းခဲ့ပါတယ်တဲ့။
တရုတ်နိုင်ငံကလည်း နိုင်ငံတောင်ပိုင်းဒေသရဲ့ပင်လယ်ထွက်ပေါက်လမ်းကြောင်းအတွက် တရုတ်ကနေ ထားဝယ်ထိ ရထားလမ်းဖောက်လုပ်ဖို့ စီစဉ်နေပါတယ်။
ထားဝယ်ရဲ့ကြီးမားကျယ်ပြန့်တဲ့ အခြေခံအဆောက်အဦ စီမံကိန်းဟာ ထိုင်းနိုင်ငံအတွက် အရှေ့အလယ်ပိုင်းနဲ့တောင်အာဖရိကမှ သဘာဝဓါတ်ငွေ့၊ သံမဏိစက်မှုလုပ်ငန်းအတွက် သတ္တုရိုင်းစတဲ့ ကုန်ကြမ်းတွေကို ပိုမိုအလွယ်တကူရနိုင်စေပြီး ထိုင်းရဲ့ယှဉ်ပြိုင်နိုင်မှုပိုမိုအားကောင်းလာစေမှာ ဖြစ်ပါတယ်။
သင်္ဘောတွေအနေနဲ့ မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာမလိုတဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်လည်း ပိုမိုသက်သာလာလိမ့်မယ်လို့ အာခုန်က ခန့်မှန်းပါတယ်။
အိန္ဒိယ နဲ့ အရှေ့အလယ်ပိုင်းကို ဆက်သွယ်ဖို့ ရေလမ်းထွက်ပေါက်ဖြစ်တဲ့ ပတ်ဘရာ (Pak Bara) ရေနက်ဆိပ်ကမ်းဟာ ထားဝယ်စီမံကိန်းကို အထောင်အထည်ဖော်ပြီးတဲ့ အခါမှာတော့ မှေးမှိန်သွားလိမ့်မယ်လို့ ယူဆနေကြပါတယ်။
(http://www.bangkokpost.com/learning/learning-from-news/206507/heavy-industry-relocation-to-burma)
ကျွန်တော့်စိတ်ထဲမှာတော့ ထိုင်းနိုင်ငံဟာ သူတို့ရဲ့ အဆိပ်သင့် အမှိုက်ထုတ်ကြီးကို မြန်မာနိုင်ငံဘက်ခြမ်းကို ပို့ဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်။ သူတို့ နိုင်ငံမှာ ညမ်းညမ်းမှုသက်သာစေမယ့် ကိရိယာတွေကို မတပ်ဆင်ဘဲ ကျွန်တော်တို့ နိုင်ငံကို ရွှေ့ဖို့ရွေးချယ်လိုက်တယ်။ အဲ့ ကိစ္စတွေကို ကျွန်တော်တို့ရဲ့ အစိုးရလူကြီးတွေကော သတိမှပြုမိကြရဲ့လား။ သတိပြုမိတယ်ဆိုရင်ကော ကိုယ့်နိုင်ငံသားတွေ ၊ ကိုယ့်တိုင်းပြည်ရဲ့ ပတ်ဝန်းကျင်တွေ အတွက် ဘာတွေများ ပြင်ဆင်ထားပါသလဲ။
သူတို့ကုမ္ပဏီတွေက လက်လွတ်စပယ်လုပ်ခဲ့မယ်ဆိုရင် ထိန်းချုပ်ဖို့ ပတ်ဝန်းကျင် ဥပဒေက ဘယ်လိုလဲ။ အသေးစိတ် လုပ်ငန်းစဉ်တွေ ပါရမယ့် နည်းဥပဒေထွက်လာလျှင်ကော သူတို့ကို ဥပဒေအတိုင်း အကောင်အထည်ဖော် (Enforce) လုပ်နိုင်ပါ့မလား။ အဲ့လို Enforce လုပ်မယ့် ၀န်ထမ်းတွေကရော ဘယ်လို အရည်အချင်းတွေ ရှိနေရပါမလဲ။ စီမံကိန်းတွေ မစခင် သို့မဟုတ် စီမံကိန်း သဘောတူညီမှု မရခင်မှာ EIA ၊ HIA ကို ကော မဖြစ်မနေဆောင်ရွက်ခိုင်းဖို့ စည်းမျဉ်း ဥပဒေတွေက ပြဌာန်းထားသလား သို့မဟုတ် ပြဌာန်းမှာပါလား။ နောက် ထိုင်းပတ်ဝန်းကျင် ဥပဒေမှာတောင် မပါလို့ ဒေသခံတွေ ခံစားနေရတဲ့ VOC (Volatile organic compounds) နဲ့ ပတ်သတ်တဲ့ စံ တွေကော သတ်မှတ်ပြဌာန်းမှာပါလား။
ပထ၀ီသွင်ပြင်အရ အရေးပါတဲ့ မဟာဗျူဟာကျတဲ့ နေရာမှာ တည်ရှိတဲ့ ထားဝယ်ဒေသ ကို အရင်း ပြုပြီး ကျွန်တော်တို့ ဘယ်လောက် အကျိုးအမြတ်ရကြမှာလဲ။ အဲ့အကျိုးအမြတ်တွေရဖို့ ဘယ်သူတွေက ဘယ်လောက်များပေးဆပ်ကြရမှာလဲ။
မိတ်ဆွေကော ဘယ်လိုတွေးမိပါလဲ။ မိတ်ဆွေရဲ့ အတွေးကိုလည်း သိချင်စမ်းလှပါဘိ။
(ဆက်ရန်)

Picture- Bangkok Post
No comments:
Post a Comment