Friday, October 26, 2012

ဟိုတနေ့က ရာသီဥတုသာယာတယ်



ဟိုတနေ့က ရာသီဥတုသာယာတယ်
ဟုတ်တယ် သာယာခဲ့တယ်

ငါဟာ ကျောပိုးအိပ်ကလေးကို လွယ်
ကင်မရာလေးချိတ်ပြီး
ငါ့စက်ဘီးကလေးနဲ့ ထွက်ခဲ့တယ်။

အဲ့ဒီ့မှာ တောပန်းကလေးတွေရှိတယ်
လေ့ကျင့်ခန်းလုပ်နေတဲ့ သူရှိတယ်
ယောဂထိုင်နေတဲ့ သူရှိတယ်
ရေစီးသံကိုနားထောင်ရင်း
အပန်းဖြေနေတဲ့ မိသားစုတွေရှိတယ်။

တချို့အတွက်တော့
ဒီနေ့ဟာ
စိတ်လွတ်လပ်တဲ့နေ့
သက်တောင့်သက်သာရှိတဲ့နေ့
မိသားစုတွေ အတူတူရှိနေကြတဲ့နေ့။

ဒီနေ့ဟာ
ဈေးသည်တွေ အတွက်တော့
ဈေးရောင်းကောင်းတဲ့နေ့
ပရိတ်ကြိုးဝေတဲ့ ဘုန်းကြီးအတွက်တော့
ဆုတောင်းစကားများများပြောရတဲ့နေ့
အလှူခံပုံးထဲ
ငွေတွေများများပြည့်တဲ့နေ့ပေါ။

ဘုရားပေါ်မှာ
ခေါင်းလောင်းသံတွေညံနေတဲ့နေ့
ကားသမားတွေအတွက်
ခရီးသည်တွေများတဲ့နေ့
စားသောက်ဆိုင်စားပွဲတွေမှာ လူတွေပြည့်တဲ့နေ့။

ဟုတ်တယ် အဲ့ဒီနေ့က ရာသီဥတုသာယာခဲ့တယ်။
(ငါ့အတွက်တော့ မဟုတ်ခဲ့ဘူး  …………………….)



No comments:

Post a Comment