Sunday, October 21, 2012

ထားဝယ် သို့မဟုတ် ... : Development vs. Environment ? အပိုင်း (၆)


အပိုင်း (၆)

              ၂၀၁၂ မေလမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ထရာက အဖွင့်မိန့်ခွန်းမှာ “ထိုင်းနိုင်ငံအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးရေး ဆောင်ရွက်ရာမှာ မြန်မာဘက်က ထားဝယ်အထူးစီးပွားရေးဇုန် နဲ့ လမ်းပန်း အခြေခံအဆောက်အဦတွေ တည်ဆောက်ပြီး တောင်ပိုင်းစင်္ကြန်အနေနဲ့ ထားဝယ်ကနေ ဘန်ကောက် ၊ ဘန်ကောက်ကနေ တောင်ဘက် လန်ချဘန် ဆိပ်ကမ်းကို ဆက်သွယ်ခြင်းဖြင့် မြန်မာဘက်က ကပ္ပလီပင်လယ်နဲ့ ထိုင်းတောင်ပိုင်းက ထိုင်းပင်လယ်ကွေ့ကို ဆက်သွယ်သွားမှာဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

(http://www.youtube.com/watch?v=JyKNrq3lnTk&feature=BFa&list=ECD1F6899714761299)


            ထိုင်းနိုင်ငံချင်းမိုင်တက္ကသိုလ်ရှိ တချို့သော ထိုင်းကျောင်းသူ၊ ကျောင်းသားတွေဟာ ယခုဆို မြန်မာစာ၊ မြန်မာစကားကို လေ့လာသင်ယူနေကြပါပြီ။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းပြီးလို့ ဘွဲ့ရတဲ့ အခါ မြန်မာဘက်ခြမ်းမှာ ထိုင်းနိုင်ငံက အထောင်အထည်ဖော်နေတဲ့ ထားဝယ်ရေနက်စီမံကိန်း နဲ့ မဟာစက်မှုဇုံစီမံကိန်းမှာ အလုပ်ဝင်ဖို့ပါပဲတဲ့။ (ဒါကတော့ သူတို့ကို မြန်မာစာသင်ပေးနေတဲ့ အစ်မ တစ်ယောက်က ပြောပြတာပါ။ )


Jan 26 2012
 
 
    ထားဝယ်နဲ့ ပတ်သတ်လို့ ထိုင်း- အိန္ဒိယတို့ရဲ့လားရာ

              မြန်မာနိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ ခြောက်ကပ်ကပ်မြို့ငယ်လေး (The sleepy little town)  ဖြစ်တဲ့ ထားဝယ်ဟာ အိန္ဒိယ အနေနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဇွန်လမှာ အိန္ဒိယကို လာရောက်တဲ့ ငယ်ရွယ်တဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အပြီးမှာတော့ ဒီမြို့လေးဟာ အိန္ဒိယ ရဲ့ နှစ်ပေါင်းများစွာလိုချင်နေတဲ့ ၊ အရှေ့တောင်အာရှနဲ့ချိတ်ဆက်ပေးမယ့် စင်္ကြန်ဒေသအဖြစ် ထင်ပေါ်လာပါတော့တယ်။


             နယူးဒေလီမှာ ရှိတဲ့ စီးပွားရေး အသိုင်းအ၀ိုင်းကို သူမပြောခဲ့တာကတော့ သူမတို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံ ထားဝယ်ဒေသမှာ ရေနက်ဆိပ်ကမ်း နဲ့ မဟာစက်မှုဇုန်တည်ထောင်ပြီး အရှေ့တောင်အာရှရဲ့ဆက်သွယ်ချိတ်ဆက်မှုကို ပြောင်းလဲတိုးတက်စေဖို့ လုပ်ဆောင်နေတဲ့ အကြောင်းပါပဲ။


            ခန့်မှန်းရင်းနှီးမြှုပ်နှံမှု ဒေါ်လာ (၅၀) ဘီလီလျံကျော်ရှိမည့် ၊ အဆင့်အမျိုးမျိုးနဲ့ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒီစီမံကိန်းဟာ အရှေ့တောင်အာရှမှာ အခြေခံအဆောက်အဦအနေနဲ့ အကြီးဆုံး စီမံကိန်းကြီး ဖြစ်လာမယ်လို့ အမွမ်းတင်ခဲ့ပါတယ်။


                 လက်တွေ့အနေနဲ့ ကြည်လျှင်တော့ ဒီစီမံကိန်းဟာ တရုတ်ရဲ့မကြာခင်ကမှ တည်ထောင်ထားတဲ့ ပါကစ္စတန်က ဂွာဒါ (Gwadar) ၊ သီရိလင်္ကာက ဟန်ဘန်တိုတာ (Hambantota) နဲ့ မြန်မာမှာ တည်ထောင်နေတဲ့ ကျောက်ဖြူ စတဲ့ ဖွံ့ဖြိုးမှု စီမံကိန်းတွေကို ထပ်ပေါင်းလာမည့် စီမံကိန်းတစ်ခုပါပဲ။


                  တရုတ်ဆိပ်ကမ်းတွေနဲ့ မတူတဲ့ အချက်ကတော့ ဒီဒေသဟာ မဖွံ့ဖြိုးသေးတဲ့ ကုန်းတွင်းပိုင်းဒေသတွေ ၀န်းရံလျက်ရှိပြီး ၀န်ကြီးချုပ်ယင်လတ်ရဲ့ အဆိုပြုချက်အရ ချင်းနိုင်း-ထားဝယ်စင်္ကြန်ဟာ စီးပွားရေးအရ အလွန်ကောင်းမွန်အလားအလာရှိတဲ့ ဒေသတွေနဲ့ ဆက်သွယ်သွားမှာပါ။ ချင်းနိုင်းနဲ့ ထားဝယ်ဟာ လမ်းကြောင်းအရကြည့်မယ်ဆိုရင် ဘင်္ဂလားပင်လယ်ရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာ တည်ရှိကြပြီး မျဉ်းဖြောင့် ဆွဲကြည့်လျှင် တစ်တန်းတည်းနီးပါးလောက်မှာ ရှိကြတာပါ။ (တချိန်က မဒရပ်လို့ ခေါ်တဲ့ အိန္ဒိယက ချင်းနိုင်းမြို့ဟာ ဘင်္ဂလားပင်လယ်ကမ်းခြေမှာရှိပြီး အိန္ဒိယတောင်ပိုင်းရဲ့ ကုန်သွယ်ရေး၊ စီးပွားရေး ၊ ပညာရေးနှင့် ယဉ်ကျေးမှုတို့ စုံစည်းရာ အချက်အချာ နေရာဖြစ်ပါတယ်။)


                ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းဟာ လာမည့်အပတ် (၂၀၁၂၊ ဇွန်လကုန်လောက်) မှာလာရောက်ဖို့ရှိတဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦး ၀ဏ္ဏမောင်လွင်နဲ့ တွေ့ဆုံတဲ့အခါလည်း  ဆွေးနွေးရမယ့် အကြောင်းအရာ တစ်ခု ဖြစ်လာပါတယ်။


          လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က အိန္ဒိယ၊ မြန်မာ နဲ့ ထိုင်းနိုင်ငံတို့ လမ်းပန်းဆက်သွယ်ရေးချိတ်ဆက်ဖို့ သုံပွင့်ဆိုင် သဘောတူညီထားခဲ့ကြပါတယ်။ ဒီမှုန်ဝါးဝါး သဘောတူညီချက်ကို ယင်လတ်က လက်တွေ့ အကောင်အထည်ဖော်ချင်နေပါတယ်။


          ချင်းနိုင်း-ထားဝယ်စင်္ကြန်ရဲ့ စိတ်ကူးအကြံအစည်ဟာ ရိုးရှင်းလွန်းပြီး အိန္ဒိယတောင်ပိုင်းက ထွန်းသစ်လာနေတဲ့ စက်မှုဒေသတွေကို အရှေ့တောင်အာရှကုန်းတွင်းပိုင်း ဗဟိုဒေသတွေ၊ တရုတ်၊ နောက် ထွန်းကားတဲ့ အရှေ့အာရှဈေးကွက် စတာတွေနဲ့ ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။


          ထိုင်းနိုင်ငံအနေနဲ့ ထားဝယ်ကနေ တရုတ်နိုင်ငံတောင်ပိုင်း၊ တောင်တရုတ်ပင်လယ်ဘက်ခြမ်းက ဗီယက်နမ် ကမ်းရိုးတန်းဒေသ၊ ကမ္ဘောဒီးယား နဲ့ ကုန်းတွင်းပိတ် လာအိုနိုင်ငံ တို့နဲ့ ချိတ်ဆက်တဲ့ ပို့ဆောင်ဆက်သွယ်ရေး စင်္ကြန်အဖြစ် လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။


          မြန်မာ၊ ထိုင်း နဲ့ မလေးရှားနိုင်ငံတို့ရဲ့နယ်မြေတွေ ဆုံရာ ကျဉ်းမြောင်းသေးသွယ်တဲ့ ကျွန်းဆွယ်ဟာ အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ် သမုဒ္ဒရာ တို့ကို ပိုင်းခြားစေတဲ့ အတားအဆီးတစ်ခု ဖြစ်နေပါတယ်။ ဒီသမုဒ္ဒရာ နှစ်ခုကြား များပြားလှတဲ့ ကုန်သွယ်မှုဟာ ကျဉ်းမြောင်း ပြီး အသွားအလာထူပြောထွန်းတဲ့ မလက္ကာရေလက်ကြားကို ဖြတ်သန်းပြီး လုပ်ဆောင်နေကြရပါတယ်။


                ဒီကျွန်းဆွယ်ကိုဖြတ်ပြီး သမုဒ္ဒရာ နှစ်ခုကြား ဆက်သွယ်နိုင်မယ့် ပိုမိုတိုတောင်းတဲ့ ဖြတ်လမ်းကို ရှာဖို့ ဒီဒေသမှာ ရှိတဲ့ အုပ်ချုပ်သူ အစိုးရတွေနဲ့ သင်္ဘောသားတွေဟာ ကြာရှည်စွာကတည်းက  စိတ်အားထက်သန်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံရဲ့စီမံကိန်းဟာ ဒီအိပ်မက်ကို လက်တွေ့အကောင်အထည်ဖြစ်ဖို့ အနီးစပ်ဆုံးပဲ ဖြစ်ပါတယ်။


               ထိုင်းကုမ္ပဏီတွေ အားပေးအားမြှောက်ပြုတဲ့ ဒီစီမံကိန်းဟာ တရုတ် နဲ့ ဂျပန်နိုင်ငံတို့ရဲ့ထောက်ခံမှုကိုလည်း ရရှိပြီးဖြစ်ပါတယ်။


              အရှေ့တောင်အာရှမှာ ပို့ဆောင်ဆက်သွယ်ရေးစင်္ကြန်တွေ ဖွံ့ဖြိုးမှုကို အကောင်အထည်ဖော်နေတဲ့ တရုတ်နိုင်ငံအနေနဲ့ ဒီလို တခြားကွန်ယက်တစ်ခုမှာပါ ၀င်ရောက်ပြီး ရင်းနှီးမြှုပ်နှံဖို့ လိုလားပါတယ်။ဘန်ကောက်မှာ အခွန်ကင်းလွတ်တဲ့ကုန်သွယ်ရေးဗဟိုဌာနတစ်ခု ထူထောင်ပြီး အဲ့ဒီကနေ အိန္ဒိယသမုဒ္ဒရာ ဒေသနဲ့ ကုန်သွယ်ရေးကို မြှင့်တင်ဖို့ စီစဉ်နေပါတယ်။


               သြဇာလွှမ်းမိုးမှုအားနည်းလာတဲ့ ဂျပန်နိုင်ငံဟာ အရှေ့တောင်အာရှ မှာ သံတမန်နည်းလမ်းဖြင့် နိုင်ငံရေးလှုပ်ရှားမှုတွေကို အားပေးလာပြီး အိန္ဒိယ နဲ့တောင်အာရှတွေနဲ့ ပေါင်းစည်းလုပ်ဆောင်မှုကို ခိုင်ခိုင်မာမာ ထောက်ခံရပ်တည်နေပါတယ်။


           အိန္ဒိယသမုဒ္ဒရာဒေသမှာ မကြာခင်ကာလတွေက အံ့မခန်းတိုးတက်လာတဲ့ အခြေခံအဆောက်အဦဖွံ့ဖြိုးမှုနဲ့ ဝေးကွာခဲ့တဲ့ အိန္ဒိယဟာ ယခုတော့ ဒေသတွင်း ရုပ်ဝတ္ထုပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ပေါင်းစည်းလုပ်ဆောင်ရာမှာ ပါဝင်နိုင်ဖို့   ကြိုဆိုစရာ အခွင့်အရေးတစ်ခုကိုရရှိလာပြီ ဖြစ်ပါတယ်။

(ဒီဆောင်းပါးကို ရေးသားခဲ့သူဟာ ဒေလီက မူဝါဒရေးရာ သုတေသနဌာနမှာ အကြီးတန်း အဖွဲ့ဝင်ဖြစ်ပါတယ်။ )


Source :  http://www.indianexpress.com/news/thai-pm-for-chennaidawei-corridor/904138/0




ချင်းနိုင်း-ထားဝယ် -ဘန်ကောက် တည်နေရာ အခြေအနေ။ Credit - The Indian Express

No comments:

Post a Comment