Sunday, October 21, 2012

ထားဝယ် သို့မဟုတ် ... : Development vs. Environment ? အပိုင်း (၄)


အပိုင်း (၄)

မတ်တာဖွတ် အကြပ်အတည်း ( အန်ဂျီအို ဘက်မှ အမြင်)

March 18, 2010

        ပန်ချုန် (Penchom Saetang) ဆိုတဲ့ အမျိုးသမီးဟာ ထိုင်းနိုင်ငံ ဂေဟဆိုင်ရာ အန်ဂျီအို တစ်ခု ဖြစ်တဲ့ (Ecological Alert and Recovery - Thailand (Earth)) ရဲ့  အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ကုမ္ပဏီတွေက ပတ်ဝန်းကျင်အပေါ် မျက်နှာလွှဲခဲပစ်လုပ်တာကို ဟောင်ဖွာဖွာနဲ့ ရှုတ်ချလေ့ရှိတဲ့ သမားရိုးကျ တက်ကြွလှုပ်ရှားသူ တစ်ယောက်တော့ မဟုတ်ပါဘူး။ သူမဟာ ထိုင်းနိုင်ငံရဲ့ ပထမတန်းစား နဲ့ ရေနံဓါတုဆိုင်ရာတွေကို အဓိကလုပ်ဆောင်နေတဲ့ မတ်တာဖွတ် စက်မှုဇုံရဲ့ အခြေအနေ အကြောင်းခြင်းရာတွေကို ညင်ညင်သာသာနဲ့ ချက်ကျကျ ဝေဖန်တတ်သူပဲ ဖြစ်ပါတယ်။


           ဒေသခံတွေက စက်မှုဇုံမှာ စက်ရုံသစ်တွေ ထပ်ချဲ့မယ့် စီမံကိန်းတွေကို တရားရုံးမှာ ကန့်ကွက်ပြီး ရပ်တန့်စေခဲ့တာကို မတ်တာဖွတ်မှာ ရှိတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာတွေကို ဆယ်နှစ်ကျော်ကြာ လေ့လာမှတ်တမ်းတင်ခဲ့တဲ့ သူမအနေနဲ့ ထူးပြီး မအံ့သြမိတော့ပါဘူး။


          သူမဟာ လက်ရှိအကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့ သဘောတူညီမှုရမှာကိုပဲ မျှော်မှန်းပါတယ်။ တဘက်ကလဲ ထိုင်းနိုင်ငံ တစ်ဝှမ်း အထူးသဖြင့် နိုင်ငံတောင်ဘက်ပိုင်း ဒေသတွေမှာ ဖြစ်ပေါ်ပျံ့နှံ့နေတဲ့ ၊ စက်မှုလုပ်ငန်းကြီးတွေကို ဆန့်ကျင်နေတဲ့ “လှိုင်း”ကိုလည်း သတိပေးထားပါတယ်။


          ခရိုင်တိုင်း ခရိုင်တိုင်းမှာရှိတဲ့ လူတွေဟာ ရင်းနှီးမြှုပ်နှံမှုကို ဆန့်ကျင်ဖို့ ကွန်ယက်တွေ ချိတ်ထားကြတယ်။ ဒေသခံတွေဟာ သူတို့ ရဲ့ပတ်ဝန်းကျင် ညစ်ညမ်းမှာရယ် ၊ အသက်မွေးဝမ်းကြောင်းမှုတွေကို လက်လွတ်ဆုံးရှုံးကြရမှာရယ်ကို စိုးရိမ်ပြီး စက်ရုံဆိုရင် ဓါတ်အားပေးစက်ရုံဆောက်ဖို့လောက်က အစ ကန့်ကွက်နေကြပါတယ်။ သူတို့ရဲ့ခံစားချက်တွေဟာ နက်ရှိုင်းတယ်လို့ သူမက ပြောပါတယ်။


          ဒေသခံတွေနဲ့ ယုတ်တိရှိရှိ၊ ချင့်ချင့်ချိန်ချိန်ဆွေးနွေးတဲ့ ဟာတွေမှာ အခက်အခဲတွေ တွေ့ရတယ်လို့ သူမက ၀န်ခံပါတယ်။
          “သူတို့နဲ့ ဆက်သွယ်ဆောင်ရွက်ရတာ မလွယ်ပါဘူး။ ကျွန်မတို့ အဖွဲ့ကသာ ဘက်မလိုက်ဘူးဆိုရင် သူတို့က ဆန့်ကျင်ကြမှာပါပဲ။ ထိလွယ် ရှလွယ် ကိစ္စ ပါပဲရှင်”လို့ သူမက ပြောပါတယ်။


          ဒီအကြပ်အတည်းကို ပြန်ပြီး ခြေရာခံရရင်တော့ အစိုးရနဲ့ ကုမ္ပဏီတွေရဲ့နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့တဲ့ အမှားတွေပဲလို့ ပြောရမှာပါပဲ။ မတ်တာဖွတ်ဟာ ဆိုးရွားတဲ့ ခံစားချက်တွေ နဲ့ ရန်လိုဆန့်ကျင်တဲ့ ရပ်တည်ချက်တွေကို ထုတ်လုပ်ပေးလိုက်တာပါပဲ။


          မတ်တာဖွတ်ဟာ ခေတ်မီစက်မှုဇုံဖြစ်ပေမယ့် ဒေသခံတွေမှာ သန့်ရှင်းတဲ့ ရေ ထောက်ပံ့မှုကို မရကြပါဘူး။ မိုးရေထဲမှာ အဆိပ်သင့်ညစ်ညမ်းမှုတွေ ရှိနေတဲ့အတွက် မိုးရေ သုံးတာကိုလည်း သူတို့တွေ ရပ်တန့်လိုက်ရပါပြီ။


          ၂၀၀၇ ခုနှစ်မှာ စက်ရုံတွေက ထုတ်လွှတ်လိုက်တဲ့ ညစ်ညမ်းတဲ့ လေတွေကို ရှူရှိက်မိလို့ ကျောင်းသူ ကျောင်းသား ထောင်နဲ့ချီပြီး ဆေးရုံတင်လိုက်ရတယ်။ ဘယ်စက်ရုံကတာဝန်ရှိသူမှ သူတို့ရဲ့ လုပ်ရပ်မှားအတွက် ထွက်လာပြီး တောင်းပန်ဝန်ခံခြင်း မရှိကြပါဘူး။


          ဒေသခံတွေက သူတို့ ဘာသာ သူတို့ နှာခေါင်းနဲ့ အနံ့ခံတဲ့ အဖွဲ့တွေ ဖွဲ့ပြီး မတ်တာဖွတ်ဒေသတ၀ိုက် လမ်းလျှောက်လှည့်လည်ကာ လေထုညစ်ညမ်းတဲ့ ဇာစ်မြစ်နေရာတွေကို စုံစမ်းဖော်ထုတ်ကြပါတယ်။ သူတို့ဟာ တာဝန်ရှိတဲ့ စက်ရုံ (၇) ရုံကို တွေ့ခဲ့ကြပြီး စက်ရုံတွေကို ယာယီပိတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။


Photo- Bangkok Post
       

                 ၁၉၉၈ ခုနှစ်ကတည်းက တရားမ၀င် အမှိုက်ပုံမှုတွေ ၊ နောက် ကမ်းခြေတွေ မြေလွှာတိုက်စားခံရတာတွေက တောက်လျှောက်ဖြစ်နေခဲ့တယ်။ ဒေသခံတွေဟာ စက်မှုဇုံတိုးချဲ့မယ့် စီမံကိန်းတွေ မလုပ်ပါနဲ့လို့ အကြိမ်ကြိမ်တောင်းဆိုကြပေမယ့် စက်မှုဇုံ အာဏာပိုင်တွေရဲ့ လျစ်လျူရှုတာကိုပဲ ခံခဲ့ကြရပါတယ် လို့ သူမက ဆက်ပြောပါတယ်။


          ၂၀၀၃-၀၄ ခုနှစ်မှာ မတ်တာဖွတ်ဒေသကို ပတ်ဝန်းကျင် ညစ်ညမ်းဇုံအဖြစ် ကြော်ငြာပေးဖို့ ပထမဆုံး အဆိုပြုခဲ့ပေမယ့် အကြိမ်ကြိမ် ပယ်ချခံခဲ့ရပါတယ်။


          တချို့ အစိုးရ အရာရှိတွေဟာ မတ်တာဖွတ်စက်မှုဇုံက ကုမ္ပဏီတွေမှာ ပါဝင်ပတ်သတ်မှုရှိနေတဲ့ အတွက် အကျိုးအမြတ်နဲ့ ယှဉ်ပြီး ၀ိရောဓိတွေကို တွေ့နေရပါတယ်လို့ ပန်ချုန်က ပြောပါတယ်။


          လက်ရှိအချိန်မှာတော့ အစိုးရအနေနဲ့ စက်မှုဇုံကို တိုးချဲ့ဖို့ထက် နဂိုရှိနေတဲ့ ပတ်ဝန်းကျင် သန့်စင်အောင်လုပ်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။


          ဘန်ကောက်ဟာ မတ်တာဖွတ်ထက်  ပတ်ဝန်းကျင် ပိုမို ညစ်ညမ်းပြီး ထိုင်းနိုင်ငံဟာ တခြားဖွံ့ဖြိုးပြီး နိုင်ငံတချို့ထက် ပတ်ဝန်းကျင်ဆိုင်ရာစံသတ်မှတ်ချက်က ပိုမိုကောင်းမွန်တယ်ဆိုတဲ့ စောဒက တက်မှုတွေကို ပန်ချုန်က ပယ်ချပါတယ်။


          “ဘန်ကောက်က ပတ်ဝန်းကျင်ဟာ ညစ်ညမ်းပြီး ယာဉ်ကြောထူတဲ့နေရာတွေမှာ ဘန်ဇင်းပါဝင်မှု မြင့်မားတယ်ဆိုပေမယ့် မတ်တာဖွတ်မှာ ရှိတဲ့ လေထုထဲမှာက ဒြပ်ပေါင်းမျိုးစုံပိုမို ပါဝင်နေတာပါ”လို့ သူမက ထောက်ပြပါတယ်။


             ထိုင်းနိုင်ငံရဲ့ ပတ်ဝန်းကျင် စံတွေဟာ တချို့ဟာတွေမှာတော့ ကောင်းပါတယ်။ ဒါပေမယ့် အဓိက ပြဿနာက VOC ဖြစ်ပါတယ်။ နောက် ထိုင်းမှာ ၂၀၀၉ မတိုင်မီက နည်းဥပဒေ မရှိခဲ့တာပါပဲ။ (VOC ဆိုတာကတော့ (Volatile organic compounds) ကိုဆိုလိုတာဖြစ်ပြီး သူတို့တွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာတွေ၊ ဓါတ်မတည့်မှုတွေ နဲ့ ကလေးငယ်တွေမှာ ကိုယ်ခံအားနည်းတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီဒြပ်ပေါင်းတွေဟာ လည်ချောင်းယောင်တာ၊ မျက်စိ၊ နှာခေါင်း၊ အသဲနဲ့ ကျောက်ကပ်တွေကို ထိခိုက်စေတာ၊ ခေါင်းကိုက်တာ၊ ထိန်းချုပ်နိုင်မှုအားနည်းစေတာ၊ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေတာ တွေကိုလည်း  ဖြစ်စေနိုင်ပါတယ်။ )


          ဒါပေမယ့် ပန်ချုန်ဟာ အကောင်းမြင် သဘောထားရှိပြီး ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကို ဖြေရှင်းတဲ့ အလုပ်ကို လုပ်လိုစိတ်ရှိနေပါတယ်။


          “ပြောင်းလဲဖို့တော့ မလွယ်ဘူး။ ဒါပေမယ့် ကျွန်မတို့ လူထုအခြေပြုအဖွဲ့အစည်းတွေက သူတို့ကို အမြဲစောင့်ကြည့်နေပါတယ်ဆိုတာ အစိုးရနဲ့ ကုမ္ပဏီတွေကို သိစေချင်တယ်” လို့ သူမက ပြောပါတယ်။

(http://www.icis.com/blogs/asian-chemical-connections/2010/03/thailands-map-ta-phut-crisis--.html )    


        ကျွန်တော်တို့ နိုင်ငံမှာလည်း ပန်ချုန်တို့လို လူမျိုး၊ သူတို့ အဖွဲ့လို ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ထိခိုက်ခံရတဲ့ ဒေသခံတွေအတွက် အစိုးရကို စောင့်ကြည့်ပြီး စောဒက တက်တဲ့ လူထုအခြေပြု အဖွဲ့ အစည်း တွေ ဘယ်လောက်များ ရှိနေပြီလဲဆိုတာကတော့ တွေးတောစရာပါပဲ။


(ဆက်ရန်)

  
Photo Source- Pattaya Daily News (Bangkok, 5 February 2007- Greenpeace activists dressed as patients and lying on a hospital bed today gathered in front of Thailand's Ministry of Industry to demand that the government immediately declare Map Ta Phut a Pollution Control Zone. The activists carried banners saying "STOP KILLING MAP TA PHUT" after the National Environment Board (NEB) delayed the declaration, despite clear evidence of severe health and environmental impacts from the polluting factories in Map Ta Phut. Photo by Greenpeace/Vinai Dithajohn



No comments:

Post a Comment