Friday, November 9, 2012

ပညာရေး နှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် မှ ပညာရေး ၀န်ကြီးသို့ တုန့်ပြန်ပြောဆိုချက်

                     ဟုတ်ကဲ့ ၀န်ကြီးက ရှင်းလင်းသွားတာကို ကျေးဇူးတင်ပါတယ်။ ကျမ သတိပြုမိတာကတော့ နိုင်ငံတော် အစိုးရ အဆက်ဆက်ဟာ ပညာရေးကို ရှေ့တန်းတင်ထားတာကြောင့် မန္တလေး နဲ့ ရန်ကုန်တက္ကသိုလ် နှစ်ခုကနေ (၁၆၄) တက္ကသိုလ်ရအောင် အခုဆိုရင် ရှိနေပြီလို့ ပြောသွားပါတယ်။ ဒီတော့ ကျမတို့ဟာ ပညာရေးကို အရေအတွက် နဲ့ တိုင်းတာမှာလား၊ အရည်အချင်းနဲ့ တိုင်းတာမှာလား ဆိုတာ အများကြီး စဉ်းစားရပါတယ်။ ကျမတို့ မန္တလေး နဲ့ ရန်ကုန်တက္ကသိုလ် နှစ်ခုတည်း ရှိတဲ့ အချိန်တုန်းက ဆိုရင် ကျမတို့ နိုင်ငံဟာ ပညာရေးမှာ ဆိုလို့ရှိရင် အရှေ့တောင် အာရှမှာ ရှေ့ဆုံးဖြစ်တဲ့ အပြင် နိုင်ငံတကာက တစ်ကမ္ဘာလုံးက အသိအမှတ်ပြုနိုင်တဲ့ အဆင့်ရှိခဲ့ပါတယ်။ ပြီးတော့ ကျမတို့ဟာ အရည်အချင်းကို မြှင့်တင်ဖို့ ပြောတာပါ။ အရေအတွက်နဲ့တင် မပြီးပါဘူး။ အခုကျမနားလည်သလောက်ကတော့ ကျမတို့ နိုင်ငံ မှာဆိုလို့ရှိရင် အရင် အနှစ်နှစ်ဆယ်တုန်းက မျိုးဆက်တွေနဲ့ အခုမျိုးဆက်တွေ ကြားထဲမှာ ပညာရေးဟာ မျိုးဆက်သစ်တွေ ပိုလို့ နိမ့်ကျနေပါတယ်။ အဲ့ဒီ့လို အနှစ်နှစ်ဆယ်တုန်းကထက် ပညာရေး အဆင့် ပိုပြီးတော့ နိမ့်ကျတဲ့ နိုင်ငံဆိုတာ ဒီကမ္ဘာပေါ်မှာ အင်မတန်မှ ရှားပါတယ်။ ဒီဟာကို ကြည့်ခြင်းအားဖြင့် ကျမတို့ ပညာရေး စနစ်ဟာ အင်မတန်မှ လွဲတဲ့ လမ်းမှာ လျှောက်ခဲ့တယ်လို့ ကျမတို့ ဒီလိုပဲ ပြောရမှာပါ။

                  အခု ၀န်ကြီး ရှင်းပြသွားတဲ့ အထဲမှာဆိုလို့ရှိရင် ဘွဲ့လွန်သင်ကြားနိုင်ဖို့ ဦးစားပေးလုပ်နေတယ်လို့ ကျမ ဒီလိုပဲ နားလည်ပါတယ်။ ပြီးတော့ ၀န်ကြီး ၀န်ကြီးပဲ ပြောသွားတာက အောက်ကနေ စရမယ်တဲ့။ အပေါ်ကနေစပြီး ထပ်ပြီးတော့ လုပ်လို့ မရဘူးဆိုတော့ ဘွဲ့ကြို သင်တန်းတွေကို အဆင့်မြင့်အောင် မလုပ်ဘဲနဲ့ ဘယ်လိုလုပ် ကျမတို့ ဘွဲ့လွန်သင်တန်းမှာ အရည်အချင်းမှီတဲ့ ကျောင်းသူကျောင်သားတွေ ရှိနိုင်မှာလဲလို့ ဆိုတာ မေးစရာဖြစ်နေပါတယ်။ ကျမတို့ နောက်တစ်ခု ပြောချင်တာက ရန်ကုန်တက္ကသိုလ်ကို ဦးစားပေးတယ်ဆိုတာဟာ တခြားတက္ကသိုလ်တွေကို လျစ်လျူရှုချင်လို့ မဟုတ်ပါဘူး။ Centre of Excellence ဆိုတဲ့ စကားရပ်ကိုက အားလုံးဟာ ဗဟို မဖြစ်နိုင်ပါဘူး။ ဗဟိုဆိုတာဟာ နဲပါတယ်။ ဗဟိုချက်မဆိုတဲ့ နေရာတွေဟာ နဲပါတယ်။ အားလုံးကို အဆင့်မြှင့်မယ်ဆိုလို့ရှိရင် ဘယ်လိုမှ အားလုံးဟာ Centre of Excellence လို့ ခေါ်လို့ မရပါဘူး။ ဒါကြောင့် ကျမတို့ဟာ ဖြစ်နိုင်တဲ့ ကိစ္စတွေကို အရင်ဦးစားပေးပြီးတော့ လုပ်ဖို့ ဒါကို ကျမတို့ တိုက်တွန်းတာပါ။ နိုင်ငံတကာနဲ့ ဆက်သွယ်လုပ်နေတယ်ဆိုတာ ကျမတို့ သိပါတယ်။ နောက် ၀န်ကြီး ကိုယ်တိုင်လည်း ပြောသွားတဲ့ အတိုင်းပဲ ဒီလို နိုင်ငံတကာက ဆိုရင် ရန်ကုန်တက္ကသိုလ်ကို မြန်မာနိုင်ငံရဲ့တက္ကသိုလ်တွေကို ကိုယ်စားပြုတဲ့ တက္ကသိုလ် အဖြစ်နဲ့ အသိအမှတ်ပြုထားတယ်ဆိုတာလည်း သိရပါတယ်။ အဲ့ဒီ့လို အသိအမှတ်ပြုထားလို့ကို ရန်ကုန်တက္ကသိုလ်ရဲ့ အဆင့်ကို မြှင့်ပေးဖို့ ကျမတို့ လိုတာပါ။

                      လက်တွေ့ကျကျအရ (၁၆၄) ခုသော  တက္ကသိုလ်အားလုံးကို ချက်ချင်းလက်လင်း အဆင့်မြှင့်အောင်လုပ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ အခြေခံအကောင်းဆုံး နေရာကနေစပြီးတော့ အဲ့ဒီ့တက္ကသိုလ်ကို ပိုပြီးတော့ အရည်အချင်းမြင့်အောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုနည်းတွေ ကျမတို့ သုံးမလဲ။ ဘယ်လိုနည်းတွေဟာ လက်တွေ့ကျသလဲဆိုတာ အဲ့ဒါတွေနဲ့ ကြည့်ပြီးတော့ ကျမတို့ တိတိကျကျ ဖိဖိစီးစီး လုပ်သွားနိုင်မှာပါ။ တက္ကသိုလ်အားလုံးကို တပြိုင်တည်း ပြင်ဖို့ ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကတော့ ဖြစ်ရင်တော့ ကောင်းတာပေါ့ လောက်နဲ့ပဲလည်း လက်တွေ့ကျမှာမဟုတ်ပါဘူး။       

                      နောက်ပြီးတော့ အခု အချိန်မှာ ဆိုလို့ရှိရင် ပညာရေးဝန်ကြီး ဌာနကနေ ဦးစီးပြီးတော့ အမျိုးမျိုးတိုးတက်မှုတွေ လုပ်နေတယ်ဆိုတော့ ဒါဟာ အရင်တုန်းက ကျမတို့ ဆွေးနွေးသွားတဲ့ တက္ကသိုလ် ပညာရေး ဥပဒေနဲ့ ပတ်သတ်လို့ အနေနဲ့ နည်းနည်း ပြန်ပြီးတော့ ကျမပြောချင်ပါတယ်။ ၀န်ကြီးကိုယ်တိုင်လည်း Academic Freedom ၊ Academic Independence လို့ ပြောသွားပါတယ်။ အဲ့ဒီ့တော့  ပညာရေး လွတ်လပ်မှုဆိုတာ ဗဟိုက ကိုင်ပြီးတော့ ဦးစီးချုပ်ကိုင်ထားလို့ မရပါဘူး။ ဒါကြောင့် မို့လို့လည်း ကျမတို့ကနေ ပြီးတော့ တက္ကသိုလ် ပညာဥပဒေနဲ့ ပတ်သတ်လို့ရှိရင် တက္ကသိုလ်များ အသင်းအပင်းဟာ ပိုပြီးတော့ လွတ်လွတ်လပ်လပ်လုပ်နိုင်ရေးကို ကျမတို့ ဦးတည်ပြီးတော့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဗဟို ဦးစီးစနစ်နဲ့ပဲ ပညာရေးကို ဌာနတစ်ခုကပဲ၊ ပညာရေးဝန်ကြီးဌာန တစ်ခုကပဲ ဒီနိုင်ငံက တက္ကသိုလ်တွေ ဘယ်သူက ဘယ်လောက်ရရမယ်။ ဘယ်သူက ဘယ်လောက်တိုးတက်မှုနဲ့ ဆိုင်တယ်။ ဘယ်သူ့ကို ဘယ်လောက်ပံ့ပိုးမယ်ဆိုတာ ဆုံးဖြတ်နေလို့ ရှိရင် ကျမတို့ ပညာရေးစနစ်ဟာ တိုးတက်သင့်သလောက်တိုးတက်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့လည်း ရန်ကုန်တက္ကသိုလ်အတွက် သပ်သပ်ကြီးကြပ်ရေးအဖွဲ့ဖွဲ့ဖို့ဆိုတာ ဒါကြောင့်လည်း ပါပါတယ်။  ပညာရေးဝန်ကြီးဌာန တစ်ခုတည်းကသာ ကြီးကြပ်တာ မဟုတ်ဘဲနဲ့ လွှတ်တော် အတွင်းက သက်ဆိုင်တဲ့ ကော်မတီဝင်တွေ ကော်မရှင်ဝင်တွေ နောက်ပြီးတော့ ဘာသာရပ်ကျွမ်းကျင်သူတွေ၊ နောက်ပြီးတော့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အားလုံးဝိုင်းပြီးတော့ စဉ်းစားလိုက်မှ ဒါဟာ ပြည့်ပြည့်စုံစုံ ဖြစ်လိမ့်မယ်လို့ ကျမတို့ ထင်ပါတယ်။ အခု ဒီမိုကရေစီဘက်ကို သွားနေပြီဆိုလို့ရှိရင် ဘာကို မဆို ဗဟိုကနေ ချုပ်ကိုင်တဲ့ စနစ်ကိုပဲ အားကိုးနေလို့ မရပါဘူး။                                     

                ကျမတို့ ပညာရေးလွတ်လပ်ခွင့်ဆိုတာ တခြားလွတ်လပ်ခွင့်တွေနဲ့ လည်း အများကြီးဆိုင်ပါတယ်။ ကျမတို့ရဲ့ နိုင်ငံဟာ ပညာရေး တိုးတက်ဖို့၊ သိပြီးတော့ ပညာရေးတိုးတက်ဖို့ ဆိုရင် ကျောင်းသူကျောင်းသားတွေ အနေနဲ့ လွတ်လွတ်လပ်လပ် တွေးခေါ်ဆက်ဆံပိုင်ခွင့် ရှိတဲ့ တက္ကသိုလ် ပရ၀ုဏ် တစ်ခုက ကျမတို့ လိုကို လိုပါတယ်။ ကျမတို့ဟာ ရန်ကုန်တက္ကကသိုလ်ကို ရွေးရတာဟာ လက်တွေ့ကျလို့ ရွေးရတာပါ။ ကျမတို့ ဟိုးနယ်က တက္ကသိုလ် တစ်ခုကို ရွေးလို့ဆိုတာ မဖြစ်နိုင်ပါဘူး။      


                   နောက် ရန်ကုန်တက္ကသိုလ်ကို ပြုပြင်မွန်းမံမယ်ဆိုလို့ရှိရင် အလှူ့ရှင်တွေ အနေနဲ့လည်း သေသေချာချာ ကြီးကြပ်လို့ရပါတယ်။ သူတို့ ပေးလိုက်တဲ့ အလှူငွေတွေဟာ တကယ်ပဲ ထိထိရောက်ရောက် သုံးစွဲနေတဲ့ အခြေအနေမှာ ရှိတယ်ဆိုတာ ကိုယ်တိုင် မြင်နိုင်တဲ့ အခါကျတော့ ပိုပြီးတော့လည်း သဒ္ဒါပွားမှာ ဖြစ်ပါတယ်။ ပညာရေး ၀န်ကြီး ဌာန အနေနဲ့ လုပ်ကိုင်နေတဲ့ ကိစ္စတွေကို ကျမ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီဟာတွေဟာ မလုံလောက်ဘူးလို့ ထင်လို့ ကျမ ဒီအဆိုကို တင်သွင်းရတာပါ။ ဒါကြောင့်မို့လို့ ဒီအဆို နဲ့ ပတ်သတ်လို့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ ကျမခံယူပါ့မယ်လို့ လွှတ်တော်ဥက္ကဋ္ဌကြီးကနေ တဆင့် ကျမ လေးစားစွာ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

  **   အဆိုကို မဲခွဲဆုံးဖြတ်တဲ့အခါ ဆန္ဒမဲပေးခွင့်ရှိသူ ၃၇၆ ဦးရှိတဲ့ထဲက ထောက်ခံမဲ ၂၄၈ မဲ၊ ကန့်ကွက်မဲ ၆၄ မဲ နဲ့ ကြားနေမဲ ၉ မဲ ဖြင့် လွှတ်တော်က အတည်ပြု လက်ခံခဲ့တဲ့အတွက် မဲအပြတ်အသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆို အနိုင်ရခဲ့ပါတယ်။   * *


Source : http://soundcloud.com/dvbradio/edu-minister-reponse

Wednesday, November 7, 2012

အမှိုက် (၂)


အမှိုက် (၂)

          အရင်းရှင်စနစ်ဟာ အမှိုက်တွေကို ဖြစ်စေတယ်။ဒေသတစ်ခုရဲ့ အမှိုက် စုပုံနိုင်တဲ့ အတိုင်းအတာ အနေအထားထက်ကျော်လာရင် အကြပ်အတည်းတွေ ဖြစ်ဖို့ အလားအလာတွေဖြစ်ပေါ်လာတော့တယ်။ ဒီအကြပ်အတည်းတွေဟာ ဒေးဗစ်ဟာဗီလို ပထ၀ီဆရာတွေ စကားနဲ့ဆိုရင် နေရာဆိုင်ရာအကန့်အသတ် (spatial fix) လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

          အမှိုက်တွေကို သင်္ဘောနဲ့တင်ပြီး ထုတ်လုပ်သူ နဲ့ စားသုံးသုတွေဆီကနေ အင်မတန်ဝေးကွာလှတဲ့ တခြားနေရာတွေကို ပို့နိုင်ပါတယ်။ ဒီလိုနဲ့ပဲ အမှိုက်ဟာ ကုန်ပစ္စည်းတစ်ခု ဖြစ်လာပါတော့တယ်။ ခုဆိုရင် ဂလိုဘယ်ဈေးကွက်မှာ အမှိုက်တွေကို ရောင်းဝယ်နေကြပါပြီ။ မြို့ပြအမှိုက်ကော၊ အန္တရာယ်ရှိတဲ့ အမှိုက်ကော နှစ်မျိုးလုံးကို နိုင်ငံတကာမှာ ကုန်သွယ်နေကြပါတယ်။

          တန်းတူညီမျှ ကုန်သွယ်မှုစနစ် မှာ အန္တရာယ်ရှိတဲ့ အမှိုက်တွေကို နိုင်ငံတကာမှာ ကုန်သွယ်ရာမှာ ပါဝင်ပတ်သတ်တဲ့ နိုင်ငံအားလုံး အကျိုးအမြတ်ရရှိကြပါတယ်။ ဘာလို့လဲ ဆိုတော့  တချို့ကိစ္စတွေမှာ အန္တရာယ်ရှိတဲ့ အမှိုက်တွေမှာ တချို့စက်မှုလုပ်ငန်းတွေ အတွက် ကုန်ကြမ်းတွေပါဝင်နေလို့ပါ။ ဒီလို အဖြစ်အပျက်တွေကတော့ သဘာဝသယံဇာတ ရှားပါးတဲ့ (သို့) မရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်ပျက်ကြပါတယ်။

          တချို့ နိုင်ငံတွေမှာတော့ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကပြည့်စုံကောင်းမွန်ခြင်း မရှိတော့ ဈေးကွက်ဟာ လျော့လျဲပြီး နိုင်ငံတကာက အန္တရာယ်ရှိတဲ့ အမှိုက်တွေကုန်သွယ်ရာမှာ ပတ်ဝန်းကျင်နဲ့ လူထုကျန်းမာရေးကို ပိုပြီး ထိခိုက်စေပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကို ညစ်ညမ်းပစ္စည်း စွန့်ရာနေရာ အယူအဆ ( Pollution Heaven Hypothesis) လို့ ယေဘုယျခေါ်ပါတယ်။ ဒီအယူအဆကတော့ တချို့တိုင်းပြည်တွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ဖို့ အတွက် ပတ်ဝန်းကျင်ဆိုင်ရာ နည်းဥပဒေ၊ စည်းကမ်းချက်တွေကို တမင်တကာကို လျှော့ပေါ့ပေးထားပါတယ်။ တချို့က ယူဆတာကတော့ ထုတ်လုပ်သူတွေဟာ ကုန်ပစ္စည်းထုတ်လုပ်ရေးအတွက်  နေရာရွှေ့ပြောင်းခြင်းမပြုချင်တောင်မှ သူတို့ရဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေက အန္တရာယ်ရှိတဲ့ အမှိုက် ပစ္စည်းတွေကို နည်းဥပဒေစည်းကမ်းလျှော့ပေါ့တဲ့ ၊ စုပုံဖို့ကုန်ကျစရိတ်သက်သာတဲ့ တခြားနိုင်ငံတွေဆီကို တင်ပို့်ကြပါတယ်။

          ဒီလို ညီမျှမှုကင်းမဲ့ပြီး မျှတမှုမရှိဘဲ အန္တရာယ်ဖြစ်ဖို့ အလားအလာရှိတဲ့ အမှိုက်တွေကို နယ်စပ်ဖြတ်ကျော်သင်္ဘောနဲ့ ပို့ဆောင်ခြင်းကနေ ကာကွယ်ဖို့ နည်းတစ်ခုကတော့ ကိုယ့်ရဲ့ ကုန်သွယ်ဖက်ကို နိုင်ငံတကာ သဘောတူညီချက်တွေအတိုင်းလုပ်ဆောင်ဖို့ တိုက်တွန်းရမှာ ဖြစ်ပါတယ်။ ဥပမာ- the Basel Convention ပါပဲ။ ဒီကွန်ဗင်းရှင်းက ၁၉၉၂ ကတည်းက အသက်ဝင်နေပြီး သူက ချမ်းသာတဲ့ နိုင်ငံတွေက ဆင်းရဲတဲ့ နိုင်ငံတွေဆီကို အန္တရာယ်ရှိတဲ့ အမှိုက်တွေကို တင်ပို့ခြင်းကနေ ကာကွယ်တားဆီးပေးပါတယ်။ ၁၇၂ နိုင်ငံက ပါဝင်လက်မှတ်ထိုးအတည်ပြုထားပါတယ်။ ကုလက ၁၉၉၀ အစောပိုင်း ခုနှစ်တွေက လက်မှတ်ထိုးထားပေမယ့် အတည်ပြုရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက် စည်းကမ်းတွေဟာ အန္တရာယ်ရှိတဲ့ အမှိုက်တွေကို တရားဝင်ကုန်သွယ်ရာမှာပါ သုံးကြတာပါ။  အန္တရာယ်ရှိတဲ့ အမှိုက်တွေ  မှောင်ခိုကုန်သွယ်မှုကို သိသိသာသာကိုလုပ်နေကြပြီး တချို့သော အကြောင်းတွေကြောင့်  မှတ်တမ်းတင်ဖို့ ခက်ခဲနေပါတယ်။ ထရဖစ်ဂူရာ(Trafigura) ကုမ္ပဏီ နဲ့ အဘစ်ဂျံ (Abidjan) မြို့က လူထုရဲ့ တရားတဘောင် ကိစ္စလိုမျိုးဟာ မှောင်ခို အမှိုက်ပုံတာနဲ့ ပတ်သတ်လို့ မှတ်တမ်းတင်စရာ တစ်ခုပေါ့။

          ဒီလို အမှိုက်တွေကို လွှဲပြောင်းပို့ဆောင်းခြင်းကို တားမြစ်ဖို့ နောက်တစ်နည်းကတော့ လွတ်လပ်တဲ့ ကုန်သွယ်မှုအဖွဲ့မှာ ပါဝင်တဲ့ နိုင်ငံတွေဟာ နည်းဥပဒေစည်းကမ်းတွေကို ညီနိုင်သမျှ ညီအောင် အလိုက်သင့် ရေးဆွဲရမှာ ဖြစ်ပါတယ်။ အဲ့လို စံသတ်မှတ်ချက်တွေဟာ ညီနေမယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြား အန္တရာယ်ရှိတဲ့ အမှိုက်တွေသင်္ဘောတင်ပြီး နယ်ခြားပို့ဆောင်ဖို့ မက်လုံးကိုလျှော့ကျစေနိုင်မှာ ဖြစ်ပါတယ်။

          မြောက်အမေရိက လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုံ (NAFTA)ဟာ မူလက လွတ်လပ်တဲ့ အစိမ်းရောင်ကုန်သွယ်ရေး သဘောတူညီချက်ကို စဉ်းစားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူရဲ့ ပတ်ဝန်းကျင်ဆိုင်ရာသဘောတူညီချက်တွေ၊ သာတူညီမျှစည်းမျဉ်းစည်းကမ်းတွေကို အမေရိကန်ပြုထောင်စု၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင့်သုံးဖို့ တနိုင်ငံချင်းသဘောတူထားတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ဆိုင်ရာ အကောင်အထည်ဖော်မှုမှာ အလွန်ပဲ အားနည်းပါတယ်။ အမှန်ကတော့ ပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်မှာ အန္တရာယ်ရှိတဲ့ အမှိုက်တွေစီမံခန့်ခွဲတဲ့ ကန့်သတ်ချက်တွေ မပါဘဲ အမေရိကန်နဲ့ ကနေဒါ၊ အမေရိကန် နဲ့ မက္ကဆီကို စတဲ့ နှစ်နိုင်ငံချင်း သဘောတူညီမှုတွေက လွှမ်းမိုးသွားပါတယ်။

          ဘယ်ကိစ္စက ပတ်ဝန်းကျင် ဒါမှမဟုတ် လူထုကျန်းမာရေးကို ထိခိုက်စေနိုင်သလဲဆိုတာနဲ့ ပတ်သတ်လို့ မရှင်းလင်းပါဘူး။ အချက်အလက်တွေအရ ဒီလိုစီးပွားရေးပူးပေါင်းလိုက်မှုဟာ မက္ကဆီကိုနယ်စပ်တွေမှာ ညစ်ညမ်းမှုတွေတိုးလာစေပြီး  အန္တရာယ်ရှိတဲ့ အမှိုက်တွေတရားဝင် နိုင်ငံတွင်းကို သွင်းလာတာနဲ့ တရားမ၀င် အမှိုက် စုပုံမှုတွေကိုလည်း တိုးများလာစေပါတယ်။

           ပတ်ဝန်းကျင်ဆိုင်ရာ အကောင်အထည်ဖော်မှု တွေဟာ ပတ်ဝန်းကျင် အရည်အသွေးရဲ့ အရေးကြီးမှုကို (လွတ်လပ်တဲ့ ကုန်သွယ်မှုမှာပါတဲ့ စည်းကမ်းချက်တွေထက်ကို)  လျော့နည်းစေတာကတော့ ထင်ရှားပါတယ်။ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုရဲ့ ပန်းတိုင်တစ်ခုကတော့ ပုံမှန်အကောက်ခွန်တွေသာမက ကုန်သွယ်မှုမှာ ရှိတဲ့ အတားအဆီးအားလုံးကို လျှော့ချဖို့ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ ကုန်သွယ်မှုသဘောတူညီချက်ဟာ အကောက်ခွန်နဲ့ မဆိုင်တဲ့ အတားအဆီးတွေကို တဖြည်းဖြည်း ပိုမိုလျှော့ချလာပါတယ်။ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေဟာ တခြားတိုင်းပြည်တွေမှာ ကုမ္ပဏီတွေရင်းနှီးမြှုပ်နှံဖို့ ပြုရာမှာ ကန့်သတ်တဲ့ အလားအလာရှိစေတဲ့ အတွက် အကောက်ခွန်နဲ့ မဆိုင်တဲ့ အတားအဆီးတစ်ရပ်အဖြစ် ရှုမြင်ပါတယ်။ ထင်ရှားတဲ့ အချက်ကတော့ ပိုမိုတင်းကြပ်တဲ့ ပတ်ဝန်းကျင် စည်းမျဉ်းစည်းကမ်းတွေကို ရှောင်ကြဉ်ချင်တဲ့ ကုမ္ပဏီတွေဟာ နက်ဖတာ (NAFTA) ရဲ့ အခန်း (၁၁) ကို အောင်မြင်စွာပဲ အသုံးချကြပါတယ်။

          အခန်း(၁၁) မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကာကွယ်တဲ့ အနေနဲ့ အစိုးရတွေက ကုမ္ပဏီရဲ့စက်ရုံလုပ်ငန်း အရင်းအမြစ်တွေကို ပြည်သူပိုင်မသိမ်းဖို့ အာမခံမှုကို  ရေးသားထားပါတယ်။ပတ်ဝန်းကျင် စည်းမျဉ်းစည်းကမ်းတွေ အချိန်နဲ့အမျှ ပိုမိုတင်းကြပ်လာတဲ့ အခါမှာ ဒီစည်းမျဉ်းစည်းကမ်းတွေဟာ လက်တွေ့နယ်ပယ်မှာ သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ အတွက် ပြည်သူပိုင်သိမ်းခြင်း တစ်မျိုးပါပဲလို့ ကုမ္ပဏီတွေဘက်က ငြင်းကြပါတယ်။ ဒီလို အဓိပ္ပာယ်ကောက်ယူမှုကို အခြေခံပြီး ကုမ္ပဏီတွေက အမေရိကန်၊ မက္ကဆီကို နဲ့ ကနေဒါ တို့ကို ပုဒ်မခွဲ (၁၁၁၀) အရ တရားစွဲဆိုမှုတော်တော်များများကို ပြုလုပ်ခဲ့ပါတယ်။

         ဒီတရားစွဲမှုတော်တော်များများဟာ စွန့်ပစ်ပစ္စည်းတွေကို ညမ်းညမ်းမှုလျော့နည်းအောင်လုပ်တာ နဲ့ အန္တရာယ်ရှိတဲ့ အမှိုက်တွေကို စွန့်ပစ်တာတွေ နဲ့ ပတ်သတ်နေပါတယ်။ ဥပမာတစ်ခုကတော့ မက်တယ်ကလပ် (Metalclad) ကုမ္ပဏီ နဲ့ မက္ကဆီကို အစိုးရတို့ရဲ့ တရားရင်ဆိုင်မှုပဲ ဖြစ်ပါတယ်။ အမေရိကန် ကော်ပိုရေးရှင်း ဖြစ်တဲ့ မက်တယ်ကလပ် ဟာ မက္ကဆီကိုက အန္တရာယ်ရှိ အမှိုက်တွေကို စွန့်ပစ်တဲ့ ကုမ္ပဏီတစ်ခု နဲ့ ပူးပေါင်းပြီး စွန့်ပစ်ပစ္စည်း သန့်စင်စက်ရုံကို မြို့တော် Guadaleazar မှာ တည်ဆောက်ဖို့ ၁၉၉၃ ခုနှစ်မှာ စီစဉ်ပါတယ်။ မက်တယ်ကလပ်က ဒီလို ဆောက်ဖို့ ခွင့်ပြုချက် ရှိတယ်လို့ ယုံကြည်ခဲ့တယ်။ ဒါပေမယ့် (၅) လ အကြာမှာ စည်ပင်အာဏာပိုင်တွေက ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရပ်တန့်ခိုင်းတယ်။ မက်တယ်ကလပ်က မက္ကဆီကို အစိုးရထံမှ လျော်ကြေးရလိုမှုနဲ့ ပုဒ်မခွဲ (၁၁၁၀) အရ တရားစွဲတယ်။

          တရားရုံးကတော့ မက်တယ်ကလပ်အနေနဲ့ ခွင့်ပြုချက်ရတယ်လို့ ယူဆချက်နဲ့ ဒီနေရာ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ တွေ့ရှိချက်အရ မြို့ကောင်စီအနေနဲ့ ခွင့်ပြုချက်ကို ငြင်းပယ်ခြင်းဟာ ပြည်သူပိုင်သိမ်းတဲ့ သဘောလက္ခဏာကိုဆောင်နေပါတယ်လို့ ကုမ္ပဏီဘက်ကို အလေးပေးပြီး ပြောပါတယ်။ Guadaleazar  မြို့အနေနဲ့ ပတ်ဝန်းကျင် ဘေးအန္တရာယ်ရှိစေတဲ့ အရာတွေကို ထားတဲ့ ခွင့်ပြုချက်ကို လက်မခံဖို့ စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူးလို့လည်း တရားရုံးက တွေ့ရှိခဲ့ပါတယ်။

           ဒီအမှုအပါအ၀င် တခြားတရားစွဲဆိုရင်ဆိုင်မှုတွေ အရ ဒေသခံတွေရဲ့ သူတို့ ပတ်ဝန်းကျင်မှာ အဆိပ်သင့် ပစ္စည်းတွေ လာရောက်စုပုံစွန့်ပစ်တာကို ခွင့်ပြုသင့် မသင့်ဆိုတဲ့ ဆုံးဖြတ်ဖို့အခွင့်အရေးကို နိုင်ငံတကာကုမ္ပဏီတွေရဲ့ အကျိုးအမြတ်က ကျော်လွန်လွှမ်းမိုးနေတယ်ဆိုတာ ရှင်းလင်းသွားပါတော့တယ်။

Source: Sarah A. Moore (2011)  Global garbage: waste, trash trading, and local garbage politics


Greenpeace members handcuffed together and sitting on steel drums similar to toxic waste drums outside of the Mexican Office of Environmental Protection, calling attention to the toxic waste disposal facility at Guadalcazar, San Luis Potosi, owned by the U.S. company Metalclad Corporation, Mexico City, Mexico, July 19, 1995. Activism - water, effects, environmental, disasters, United States, history, impact, soil, pesticide, chemicals, industrial, toxic, world, human, power, disposal, use, life, health http://www.pollutionissues.com/A-Bo/Activism.html#ixzz2BeN02048


F A C E B O O K သို့မဟုတ် ʞ O O q Ǝ Ɔ ∀ Ⅎ



တချို့က ကြွားတယ်

တချို့က ဆဲတယ်

တချို့က သူရဲကောင်းလုပ်တယ်

တချို့က ဗီလိန်လုပ်တယ်

တချို့က ဗေဒင်မေးတယ်

တချို့က နှာဗူးကျတယ်

တချို့က နိုင်ငံရေး လုပ်တယ်

တချို့က အနုပညာလုပ်တယ်

တချို့က တိုက်ခိုက်တယ်

တချို့က သူခိုးလုပ်တယ်

တချို့က ကိုယ်ရည်သွေးတီးလုံးကို တီးတယ်

တချို့က တရားဟောတယ်

တချို့က ကိုယ့်ကိုကိုယ် ကြော်ငြာတယ်

တချို့က ကိုယ့်အရှက်ကိုယ်ခွဲပြတယ်

တချို့က ညဉ်းတွားတယ်

တချို့က အရောင်းမြှင့်တင်တယ်

တချို့က ငြိမ်းချမ်းရေးလုပ်တယ်

တချို့က ပတ်ဝန်းကျင်ကို ကယ်ဆယ်တယ်

တချို့က အိုမင်းရင့်ရော်မှုကို တွန်းလှန်တယ်

တချို့က အစွန်းရောက်တယ်

တချို့က ဒါနတွေ ပြုတယ်

တချို့က ဘယ်သူမှ တာဝန်မပေးဘဲ သတင်းတွေ ဖြန့်တယ်

တချို့က မြင်သမျှ သဘောကျတယ်

တချို့က ကြောင်တောင်တောင်နဲ့ ဒါကို ရေးတယ်။    ။



Picture- http://www.telegraph.co.uk/

Tuesday, November 6, 2012

အမှိုက် (၁)

   ဗြိတိန်နိုင်ငံမှာပါ ရုံးစိုက်တဲ့ ဒတ်ခ်ျ ရေနံကုမ္ပဏီဖြစ်တဲ့ ထရဖစ်ဂူရာ(Trafigura) ဟာ အိုင်ဗရီကို့စ်နိုင်ငံမှာ အဓိကမြို့ကြီး ဖြစ်တဲ့ အဘစ်ဂျံ (Abidjan) မြို့က လူထုရဲ့ တရားစွဲဆိုခြင်းကို ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ ရင်ဆိုင်ရပါတယ်။ ဒီအမှုစွဲဆိုရတဲ့ အကြောင်းကတော့  မြို့အနီးအနားမှာ ကုမ္ပဏီက စွန့်ပစ်တဲ့ တန်ချိန် ရာပေါင်းများစွာသော အမှိုက်တွေကြောင့် ဒီအမှိုက်ပုံဝန်းကျင်မှာ နေထိုင်သူလူထုဟာ ပျို့အန်ပြီး မအီမသာဖြစ်ခြင်း၊ အဆက်မပြတ် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြမ်းတမ်းတဲ့ အဖုအပိန့်တွေ ထွက်ခြင်း နဲ့ လူသေဆုံးမှုတွေတောင် ဖြစ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။  ကုမ္ပဏီဘက်ကတော့ တရားဥပဒေဆိုင်ရာ တာဝန်ရှိမှုကို ငြင်းပယ်ပြီး ဒီအမှိုက်တွေဟာ အဆိပ်အတောက်မဟုတ်ပါဘူးလို့ စောဒက တက်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ဒေါ်လာ(၁၉၇) သန်း ကို ပေးဆောင်ဖို့ သဘောတူခဲ့ပါတယ်။

          ဒီဖြစ်စဉ်ထက် (၁) နှစ်စောတဲ့ ၂၀၀၈ ခုနှစ် အောက်တိုဘာလတုန်းက ဆိုမာလီ ပင်လယ်ဓါးပြတွေက သူတို့ ဖမ်းထားတဲ့ ယူကရိန်း သင်္ဘော အတွက် ပြန်ပေးငွေ ဒေါ်လာ (၈) သန်းတောင်းဆိုခဲ့ပါတယ်။ ဓါးပြတွေပြောတာကတော့ ဒီငွေတွေကို ဆိုမားလီးယား ပင်လယ်ကမ်းခြေဒေသတလျှောက်မှာ ရှိတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ စွန့်ပစ်ပစ္စည်းတွေကို ရှင်းလင်းဖယ်ရှားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသင်္ဘောပြန်ပေးဆွဲရတဲ့ အကြောင်းထဲမှာ ဥရောပ ကုမ္ပဏီကြီးတွေက ဆိုမာလီယာကမ်းခြေမှာ တရားမ၀င် အမှိုက်တွေကို နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ လာပြုံကတဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်လို့ ပင်လယ်ဓါးမြအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။   

          ဒီဖြစ်စဉ် နှစ်ခုထဲက တစ်ခုကတော့ တရားရုံးမှာဖြစ်တဲ့ တိုက်ပွဲ ဖြစ်ပြီး နောက်တစ်ခုကတော့ ပင်လယ်ဝန်းကျင်က ဇာတ်လမ်း ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာရှိတဲ့ တိုင်းပြည်တွေ၊ လူတွေ၊ ကုမ္ပဏီတွေဟာ ကုန်ပစ္စည်း ဖလှယ်တဲ့ လမ်းကြောင်းဖြစ်စဉ်မှာသာ ဆက်စပ်နေကြတာ မဟုတ်ဘဲ စွန့်ပစ်ပစ္စည်းတွေ စီးဆင်းရာ လမ်းကြောင်းမှာလည်းပဲ ဆက်စပ်နေကြတယ်ဆိုတာကို ဒီအဖြစ်အပျက်တွေက သက်သေပြနေကြပါတယ်။

               ဒီစွန့်ပစ်ပစ္စည်းစီးဆင်းရာ လမ်းကြောင်းကတော့ ကမ္ဘာလုံးဆိုင်ရာ အရင်းအနှီး စီးဆင်းမှုတွေ၊ ညီမျှမှု မရှိတဲ့ ဖွံ့ဖြိုးမှု နဲ့ ဘေးဖယ်ထားမှု (Marginalization)  ဖြစ်စဉ်တွေနဲ့ အတွင်းကျကျကို ပတ်သတ်နေပါတယ်။ စွန့်ပစ်ပစ္စည်းတွေနဲ့ သူတို့ရဲ့ အစုအပုံတွေဟာ ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်နဲ့ နီးကပ်ပတ်သတ်မှုရှိလို့ စွန့်ပစ်ပစ္စည်းတွေကို ဘယ်နေရာက ထုတ်ပြီး ဘယ်နေရာမှာ စွန့်ပစ်စုပုံတယ်ဆိုတာက နည်းပညာ ကိစ္စရပ်မဟုတ်ဘူးဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။

           သူတို့( စွန့်ပစ်ပစ္စည်းတွေနဲ့ သူတို့ရဲ့ အစုအပုံတွေ)ဟာ အာဏာပါဝါဆက်သွယ်မှု၊ တရားမျှတမှုနဲ့ အုပ်ချုပ်မှုဆိုင်ရာမေးခွန်းတွေ နဲ့ ထွေးရောယှက်တင်ဖြစ်နေတဲ့ နိုင်ငံရေး နဲ့ တကယ့်ကို ပတ်သတ်တဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။(ဒီဟာတွေရဲ့ နောက်ကွယ်မှာ အာဏာပါဝါ အဆက်အဟပ်တွေရှိနေတယ်။)

          အမှိုက်အမျိုးအစား (၂) မျိုးရှိပါတယ်။ တစ်မျိုးကတော မြို့ပြဆိုင်ရာအမှိုက် ဖြစ်ပြီး နောက်တစ်မျိုးကတော့ အန္တရာယ်များတဲ့ အမှိုက် ဖြစ်ပါတယ်။


          ကုလသမဂ္ဂရဲ့အဓိပ္ပာယ်သတ်မှတ်ချက်အရ မြို့ပြဆိုင်ရာ အမှိုက်ဆိုတာ အိမ်ထောင်စုတွေ၊ ကုန်သွယ်မှု တွေ၊ လုပ်ငန်းငယ်လေးတွေ၊ ရုံးအဆောက်အဦတွေ၊ အဖွဲ့ အစည်းတွေ ( ကျောင်းတွေ၊ ဆေးရုံတွေ၊ အစိုးရ အဆောက်အဦတွေ) စတဲ့နေရာတွေက လာတဲ့ အမှိုက်တွေကို သတ်မှတ်ပါတယ်။ ဒီ အမှိုက် အမျိုးအစားထဲမှာ အိမ်သုံး လျှပ်စစ်ပစ္စည်းတွေ၊ ပရိဘောဂ အဟောင်းတွေ၊ မွေ့ယာတွေပါပါတယ်။ နောက်ပြီး မြို့ပြ၀န်ဆောင်မှုတွေ ဖြစ်တဲ့ ပန်းဥယျာဉ်တွေ ထိန်းသိမ်းပြုပြင်တာက ထွက်ရှိလာတဲ့ အမှိုက်တွေ၊ နောက် လမ်းသန့်ရှင်းတဲ့ ၀န်ဆောင်မှုတွေ (လမ်းက အမှိုက်တွေ လှည်းကျင်းမှု၊ လမ်းဘေးက အမှိုက်တောင်းတွေ၊ ဈေးသန့်ရှင်းရေး) ကထွက်တဲ့ အမှိုက်တွေ စတာတွေ ပါဝင်ပါတယ်။

          နောက် အန္တရာယ်များတဲ့ အမှိုက်ွေကတော့ အဆိပ်အတောက်တွေ၊ ရောဂါကူးစက်စေတာတွေ၊ ရေဒီယိုသတ္တိကြွတွေ၊ မီးလောင်လွယ်တဲ့ သတ္တိတွေ ပါဝင်ပြီး လူတွေရဲ့ ကျန်းမာရေး၊ တခြားသက်ရှိတွေရဲ့ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ ( သို့) ထိခိုက်ဖို့ အလားအလာရှိတဲ့ အမှိုက်တွေပဲ ဖြစ်ပါတယ်။


ကမ္ဘာပေါ်မှာ  မြို့ပြဆိုင်ရာအမှိုက်ပစ် အများဆုံး နိုင်ငံမျာ
 နိုင်ငံအမည်                                                             တစ်နှစ်လျှင် စွန့်ပစ်သော ပမာဏ  
 ၁။ အမေရိကန်ပြည်ထောင်စု                                              ၂၂၂, ၈၆၃, ၀၀၀      တန်
 ၂။ ဂျပန်                                                                          ၅၁, ၆၀၇, ၀၀၀     တန်
 ၃။ ဂျာမဏီ                                                                       ၄၉, ၅၆၃, ၀၀၀     တန်
 ၄။ မက္ကဆီကို                                                                     ၃၆, ၀၈၈, ၀၀၀     တန်
 ၅။ ဗြိတိန်                                                                          ၃၅, ၀၇၇, ၀၀၀     တန်

လူတစ်ဦးချင်းစီအလိုက် မြို့ပြအမှိုက်ပစ် အများဆုံး နိုင်ငံများ
 ၁။ အိုင်ယာလန်
 ၂။ နော်ဝေ
 ၃။ အမေရိကန်ပြည်ထောင်စု
    (အထက်ပါ (၃) နိုင်ငံတွင် တစ်ဦးချင်း မြို့ပြအမှိုက်ပစ် ပမာဏမှာ တစ်နှစ်လျှင် (၈၀၀) ကီလိုဂရမ် ရှိပါသည်။ )
 ၄။ ဒိန်းမတ်
 ၅။ လူဇင်ဘတ်
    (အထက်ပါ (၂) နိုင်ငံမှာ တစ်ဦးချင်း မြို့ပြ အမှိုက်ပစ် ပမာဏမှာ တစ်နှစ်လျှင် (၇၀၀) ကီလိုဂရမ် ရှိပါသည်။ )
 ၆။ ဂျာမဏီ               ( တစ်ဦးချင်း မြို့ပြ အမှိုက်ပစ် ပမာဏမှာ တစ်နှစ်လျှင် (၆၀၀) ကီလိုဂရမ် ရှိပါသည်။)
 ၇။ ဗြိတိန်                 ( တစ်ဦးချင်း မြို့ပြ အမှိုက်ပစ် ပမာဏမှာ တစ်နှစ်လျှင် (၅၈၀) ကီလိုဂရမ် ရှိပါသည်။)
 ၈။ ဂျပန်                   ( တစ်ဦးချင်း မြို့ပြ အမှိုက်ပစ် ပမာဏမှာ တစ်နှစ်လျှင် (၄၀၀) ကီလိုဂရမ် ရှိပါသည်။)

၁၉၉၀ မှ ၂၀၀၆ အတွင်း တစ်ဦးချင်းအလိုက် မြို့ပြအမှိုက်ပစ်နှုန်း များပြားလာသော နိုင်ငံများ
 ၁။ စပိန်           ၇၀ %
 ၂။ အီတလီ       ၅၀ %
 ၃။ ပေါ်တူဂီ       ၅၀ %
 ၄။ ဂရိ             ၅၀ %

          စီးပွားရေး တိုးတက်မှု ၊ မြို့ပြချဲ့ထွင်မှု နဲ့ စားသုံးမှု အဖွဲ့အစည်း စတာတွေဟာ အမှိုက်ထုတ်လုပ်မှုတိုးလာတာနဲ့ တိုက်ရိုက် ပတ်သတ်မှုရှိနေတယ်ဆိုတာကို ယေဘုယျအနေနဲ့ ခုထိ လက်ခံထားကြပါတယ်။ဒါ့ကြောင့် အတိုချုပ်ပြောရရင် အရင်းရှင်စနစ်ရဲ့ အဆွယ်အပွားထဲက တစ်ခု ဖြစ်တဲ့ ဖွံ့ဖြိုးမှုဟာ အမှိုက်တွေကို တိုးထုတ်တယ် (Wainwright 2008) လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

          ဖွံ့ဖြိုးတဲ့ ကမ္ဘာမှာ အဓိက အမှိုက်ကတော့ ထုတ်ပိုးမှုကထွက်တဲ့ အမှိုက်ပဲ ဖြစ်ပါတယ်။ အစားအသောက်နဲ့ အဖျော်ယမကာတွေဟာ ထုတ်ပိုးမှုရဲ့ နမူနာကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ထုတ်ပိုးထားတဲ့ အထဲက အသား၊ ဒိန်ခဲ၊ ဟင်းသီး ဟင်းရွက်၊ သစ်သီး၊ ဆိုဒါ၊ ရေ စတာတွေကို စားသောက်ပြီးတော့  ထုတ်ပိုးရတဲ့ ပလက်စတစ်၊ ဖော့ဗူး၊ ဒန်အခွံ၊ ပလက်စတစ်ဗူး၊ ဖန်ဗူး စတာတွေက ကျန်နေပါတယ်။ ဒါတွေကတော့ လက်ရှိ ဂလိုဘယ် အစားအသောက်စနစ်မှာ အစိတ်အပိုင်း အနေနဲ့လိုအပ်ပါတယ်။ ဒါပေမယ့် စားသုံးမှု ပမာဏ မြင့်မားတဲ့ ဒေသမှာ ဆိုရင်တော့ ဒီအမှိုက်တွေကို စီမံခန့်ခွဲရတဲ့သူအတွက်ကတော့ မစားသာလှပါဘူး။

          တခြားတစ်ဘက်က တွေးကြည့်ရင်လဲ အစားအသောက်သာ ထုတ်ပိုးရတာ မဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်ကို ပို့ဆောင်ဖြန့်ဖြူးဖို့ ကုန်ပစ္စည်းတွေကို ကွန်တန်နာထဲ ထည့်ရပါတယ်။ ကုန်ပစ္စည်းတွေ အားလုံးဟာ အလွန်ဝေးကွာတဲ့ နေရာတွေကို ပို့ရတာကြောင့် ထုတ်ပိုးရပါတယ်။ တကယ့် ကုန်ပစ္စည်းထက် သူ့ကို ထုတ်ပိုးရတဲ့ ပမာဏက အဆများစွာ ပိုပြီး များပြားပါတယ်။ ဥပမာ- အင်မတန်ပါးလွှာတဲ့ ဟေလိုဂျင် မီးသီးကို ကြီးမားတဲ့ ပလက်စတစ် ကွန်တိန်နာထဲ ထည့်သယ်ရတာကိုသာစဉ်းစားကြည့်ပါ။

           အမေရိကန် ပြည်ထောင်စုမှာဆိုရင် ထုတ်ပိုးမှုက ထွက်တဲ့ အမှိုက်က မြို့ပြ အမှိုက်တွေ အားလုံးရဲ့ သုံးပုံတစ်ပုံလောက်ကို ရှိပါတယ်။
ထုတ်ပိုးတဲ့ဟာတွေကိုပဲ အမှိုက်အဖြစ်ပစ်ရတာ မဟုတ်ပါဘူး။ နောက်သူတို့ ထုတ်ပိုးတဲ့ ပစ္စည်းတွေကိုလည်း တဖြည်းဖြည်းနဲ့ အချိန်တန်တော့ အမှိုက်အဖြစ်ပစ်ရပါတယ်။ မီးသီးတို့၊ တီဗွီ၊ အိုင်ပေါ့၊ ဆွယ်တာ စတာတွေကို နောက်တော့ အမှိုက်ပုံမှာ ပစ်ရတာပါပဲ။ ဒီလိုနဲ့ အမှိုက် စီမံခန့်ခွဲရတာဟာ ပြဿနာတစ်ရပ် ဖြစ်လာပါတယ်။

          ကုန်ပစ္စည်းတွေ ပိုမိုထုတ်လုပ် စားသုံးလေ၊ အမှိုက်က တိုးများလာလေပဲဖြစ်လာပါတယ်။ ဥပမာအနေနဲ့ ပြောရရင် သုံးပြီးသား အီလက်ထရောနစ် အမှိုက်တွေဟာ တိုးပွားလာနေပါတယ်။ အမေရိကန်ပြည်ထောင်စု ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီရဲ့ အဆိုအရ ၂၀၀၇ ခုနှစ်မှာ ကွန်ပျူတာ (လက်တော့ ၊ ဒတ်စတော့) အလုံးပေါင်း (၄၁.၁) သန်း ကို စွန့်ပစ်ခဲ့ကြတယ်။ အမေရိကန်ပြည်ထောင်စုမှာ အီလက်ထရောနစ် အမှိုက်တွေရဲ့ (၁၈) ရာခိုင်နှုန်းကို တဖန်ပြန်လည် အသုံးပြု (recycle) ပေမယ့် သန်းပေါင်းရာချီနေတဲ့ ကွန်ပျူတာတွေ၊ တီဗီတွေ၊ ဆဲလ်ဖုန်းတွေကို အမှိုက်ပစ်ကြတဲ့ အခါမှာ နိုင်ငံတလွှားမှာ ရှိတဲ့ အဆိပ်အတောက်စုပုံတဲ့ အမှိုက်ပုံနေရာတွေမှာ အခက်အခဲတွေ ဖြစ်လာပါတယ်။

          စုပုံစရာနေရာ ရှားပါးလာပေမယ့်လည်း ကုမ္ပဏီတွေက ပစ္စည်းတွေကို တိုးတိုးပြီး ထုတ်၊ နောက်တော့ အဲ့ဒီ ပစ္စည်းတွေက ခေတ်ကုန်သွားပါတယ်။ ကြာရှည်ခံပစ္စည်းတွေ ဖြစ်ကြတဲ့ ကား၊ ရေခဲသေတ္တာ၊ ကွန်ပျူတာ၊ တီဗွီစတာတွေတောင်မှ သူတို့နေရာမှာ ပိုမိုပြီး လှပဆန်းကျယ်တဲ့ အသစ်အသစ်တွေက အစားထိုး နေရာယူကြပါတယ်။ ဒီပစ္စည်းတွေ အားလုံးဟာ နောက်ဆုံးစုပုံတဲ့ နေရာကို ရောက်ရောက်လာကြတာပါပဲ။ ဒီလိုနဲ့ ကိုယ့်ဒေသနေရာတွေမှာ နောက်ဆုံးစုပုံနေရာ မလုပ်ကြတော့ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့်ပဲ  ဒီပစ္စည်းတွေဟာ သင်္ဘောနဲ့ တင်ပြီး တခြားတိုင်းပြည်နိုင်ငံတွေကို ပြန်လည် အသုံးပြုဖို့ ဒါမှမဟုတ် အမှိုက်အဖြစ်စုပုံဖို့  မကြာခဏ ဆိုသလိုပဲ ပို့ဆောင်ကြပါတယ်။ ဒီလိုနဲ့ ဒေါ်လာဘီလျံပေါင်းများစွာတန်တဲ့ အမှိုက်ကုန်သွယ်မှု လုပ်ငန်းကြီး ဖြစ်လာပါတော့တယ်။

Source: Sarah A. Moore (2011)  Global garbage: waste, trash trading, and local garbage politics


Photo- http://current.com/green/89931274_car-recycling.htm