Wednesday, November 7, 2012

အမှိုက် (၂)


အမှိုက် (၂)

          အရင်းရှင်စနစ်ဟာ အမှိုက်တွေကို ဖြစ်စေတယ်။ဒေသတစ်ခုရဲ့ အမှိုက် စုပုံနိုင်တဲ့ အတိုင်းအတာ အနေအထားထက်ကျော်လာရင် အကြပ်အတည်းတွေ ဖြစ်ဖို့ အလားအလာတွေဖြစ်ပေါ်လာတော့တယ်။ ဒီအကြပ်အတည်းတွေဟာ ဒေးဗစ်ဟာဗီလို ပထ၀ီဆရာတွေ စကားနဲ့ဆိုရင် နေရာဆိုင်ရာအကန့်အသတ် (spatial fix) လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

          အမှိုက်တွေကို သင်္ဘောနဲ့တင်ပြီး ထုတ်လုပ်သူ နဲ့ စားသုံးသုတွေဆီကနေ အင်မတန်ဝေးကွာလှတဲ့ တခြားနေရာတွေကို ပို့နိုင်ပါတယ်။ ဒီလိုနဲ့ပဲ အမှိုက်ဟာ ကုန်ပစ္စည်းတစ်ခု ဖြစ်လာပါတော့တယ်။ ခုဆိုရင် ဂလိုဘယ်ဈေးကွက်မှာ အမှိုက်တွေကို ရောင်းဝယ်နေကြပါပြီ။ မြို့ပြအမှိုက်ကော၊ အန္တရာယ်ရှိတဲ့ အမှိုက်ကော နှစ်မျိုးလုံးကို နိုင်ငံတကာမှာ ကုန်သွယ်နေကြပါတယ်။

          တန်းတူညီမျှ ကုန်သွယ်မှုစနစ် မှာ အန္တရာယ်ရှိတဲ့ အမှိုက်တွေကို နိုင်ငံတကာမှာ ကုန်သွယ်ရာမှာ ပါဝင်ပတ်သတ်တဲ့ နိုင်ငံအားလုံး အကျိုးအမြတ်ရရှိကြပါတယ်။ ဘာလို့လဲ ဆိုတော့  တချို့ကိစ္စတွေမှာ အန္တရာယ်ရှိတဲ့ အမှိုက်တွေမှာ တချို့စက်မှုလုပ်ငန်းတွေ အတွက် ကုန်ကြမ်းတွေပါဝင်နေလို့ပါ။ ဒီလို အဖြစ်အပျက်တွေကတော့ သဘာဝသယံဇာတ ရှားပါးတဲ့ (သို့) မရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်ပျက်ကြပါတယ်။

          တချို့ နိုင်ငံတွေမှာတော့ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကပြည့်စုံကောင်းမွန်ခြင်း မရှိတော့ ဈေးကွက်ဟာ လျော့လျဲပြီး နိုင်ငံတကာက အန္တရာယ်ရှိတဲ့ အမှိုက်တွေကုန်သွယ်ရာမှာ ပတ်ဝန်းကျင်နဲ့ လူထုကျန်းမာရေးကို ပိုပြီး ထိခိုက်စေပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကို ညစ်ညမ်းပစ္စည်း စွန့်ရာနေရာ အယူအဆ ( Pollution Heaven Hypothesis) လို့ ယေဘုယျခေါ်ပါတယ်။ ဒီအယူအဆကတော့ တချို့တိုင်းပြည်တွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ဖို့ အတွက် ပတ်ဝန်းကျင်ဆိုင်ရာ နည်းဥပဒေ၊ စည်းကမ်းချက်တွေကို တမင်တကာကို လျှော့ပေါ့ပေးထားပါတယ်။ တချို့က ယူဆတာကတော့ ထုတ်လုပ်သူတွေဟာ ကုန်ပစ္စည်းထုတ်လုပ်ရေးအတွက်  နေရာရွှေ့ပြောင်းခြင်းမပြုချင်တောင်မှ သူတို့ရဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေက အန္တရာယ်ရှိတဲ့ အမှိုက် ပစ္စည်းတွေကို နည်းဥပဒေစည်းကမ်းလျှော့ပေါ့တဲ့ ၊ စုပုံဖို့ကုန်ကျစရိတ်သက်သာတဲ့ တခြားနိုင်ငံတွေဆီကို တင်ပို့်ကြပါတယ်။

          ဒီလို ညီမျှမှုကင်းမဲ့ပြီး မျှတမှုမရှိဘဲ အန္တရာယ်ဖြစ်ဖို့ အလားအလာရှိတဲ့ အမှိုက်တွေကို နယ်စပ်ဖြတ်ကျော်သင်္ဘောနဲ့ ပို့ဆောင်ခြင်းကနေ ကာကွယ်ဖို့ နည်းတစ်ခုကတော့ ကိုယ့်ရဲ့ ကုန်သွယ်ဖက်ကို နိုင်ငံတကာ သဘောတူညီချက်တွေအတိုင်းလုပ်ဆောင်ဖို့ တိုက်တွန်းရမှာ ဖြစ်ပါတယ်။ ဥပမာ- the Basel Convention ပါပဲ။ ဒီကွန်ဗင်းရှင်းက ၁၉၉၂ ကတည်းက အသက်ဝင်နေပြီး သူက ချမ်းသာတဲ့ နိုင်ငံတွေက ဆင်းရဲတဲ့ နိုင်ငံတွေဆီကို အန္တရာယ်ရှိတဲ့ အမှိုက်တွေကို တင်ပို့ခြင်းကနေ ကာကွယ်တားဆီးပေးပါတယ်။ ၁၇၂ နိုင်ငံက ပါဝင်လက်မှတ်ထိုးအတည်ပြုထားပါတယ်။ ကုလက ၁၉၉၀ အစောပိုင်း ခုနှစ်တွေက လက်မှတ်ထိုးထားပေမယ့် အတည်ပြုရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက် စည်းကမ်းတွေဟာ အန္တရာယ်ရှိတဲ့ အမှိုက်တွေကို တရားဝင်ကုန်သွယ်ရာမှာပါ သုံးကြတာပါ။  အန္တရာယ်ရှိတဲ့ အမှိုက်တွေ  မှောင်ခိုကုန်သွယ်မှုကို သိသိသာသာကိုလုပ်နေကြပြီး တချို့သော အကြောင်းတွေကြောင့်  မှတ်တမ်းတင်ဖို့ ခက်ခဲနေပါတယ်။ ထရဖစ်ဂူရာ(Trafigura) ကုမ္ပဏီ နဲ့ အဘစ်ဂျံ (Abidjan) မြို့က လူထုရဲ့ တရားတဘောင် ကိစ္စလိုမျိုးဟာ မှောင်ခို အမှိုက်ပုံတာနဲ့ ပတ်သတ်လို့ မှတ်တမ်းတင်စရာ တစ်ခုပေါ့။

          ဒီလို အမှိုက်တွေကို လွှဲပြောင်းပို့ဆောင်းခြင်းကို တားမြစ်ဖို့ နောက်တစ်နည်းကတော့ လွတ်လပ်တဲ့ ကုန်သွယ်မှုအဖွဲ့မှာ ပါဝင်တဲ့ နိုင်ငံတွေဟာ နည်းဥပဒေစည်းကမ်းတွေကို ညီနိုင်သမျှ ညီအောင် အလိုက်သင့် ရေးဆွဲရမှာ ဖြစ်ပါတယ်။ အဲ့လို စံသတ်မှတ်ချက်တွေဟာ ညီနေမယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြား အန္တရာယ်ရှိတဲ့ အမှိုက်တွေသင်္ဘောတင်ပြီး နယ်ခြားပို့ဆောင်ဖို့ မက်လုံးကိုလျှော့ကျစေနိုင်မှာ ဖြစ်ပါတယ်။

          မြောက်အမေရိက လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုံ (NAFTA)ဟာ မူလက လွတ်လပ်တဲ့ အစိမ်းရောင်ကုန်သွယ်ရေး သဘောတူညီချက်ကို စဉ်းစားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူရဲ့ ပတ်ဝန်းကျင်ဆိုင်ရာသဘောတူညီချက်တွေ၊ သာတူညီမျှစည်းမျဉ်းစည်းကမ်းတွေကို အမေရိကန်ပြုထောင်စု၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင့်သုံးဖို့ တနိုင်ငံချင်းသဘောတူထားတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ဆိုင်ရာ အကောင်အထည်ဖော်မှုမှာ အလွန်ပဲ အားနည်းပါတယ်။ အမှန်ကတော့ ပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်မှာ အန္တရာယ်ရှိတဲ့ အမှိုက်တွေစီမံခန့်ခွဲတဲ့ ကန့်သတ်ချက်တွေ မပါဘဲ အမေရိကန်နဲ့ ကနေဒါ၊ အမေရိကန် နဲ့ မက္ကဆီကို စတဲ့ နှစ်နိုင်ငံချင်း သဘောတူညီမှုတွေက လွှမ်းမိုးသွားပါတယ်။

          ဘယ်ကိစ္စက ပတ်ဝန်းကျင် ဒါမှမဟုတ် လူထုကျန်းမာရေးကို ထိခိုက်စေနိုင်သလဲဆိုတာနဲ့ ပတ်သတ်လို့ မရှင်းလင်းပါဘူး။ အချက်အလက်တွေအရ ဒီလိုစီးပွားရေးပူးပေါင်းလိုက်မှုဟာ မက္ကဆီကိုနယ်စပ်တွေမှာ ညစ်ညမ်းမှုတွေတိုးလာစေပြီး  အန္တရာယ်ရှိတဲ့ အမှိုက်တွေတရားဝင် နိုင်ငံတွင်းကို သွင်းလာတာနဲ့ တရားမ၀င် အမှိုက် စုပုံမှုတွေကိုလည်း တိုးများလာစေပါတယ်။

           ပတ်ဝန်းကျင်ဆိုင်ရာ အကောင်အထည်ဖော်မှု တွေဟာ ပတ်ဝန်းကျင် အရည်အသွေးရဲ့ အရေးကြီးမှုကို (လွတ်လပ်တဲ့ ကုန်သွယ်မှုမှာပါတဲ့ စည်းကမ်းချက်တွေထက်ကို)  လျော့နည်းစေတာကတော့ ထင်ရှားပါတယ်။ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုရဲ့ ပန်းတိုင်တစ်ခုကတော့ ပုံမှန်အကောက်ခွန်တွေသာမက ကုန်သွယ်မှုမှာ ရှိတဲ့ အတားအဆီးအားလုံးကို လျှော့ချဖို့ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ ကုန်သွယ်မှုသဘောတူညီချက်ဟာ အကောက်ခွန်နဲ့ မဆိုင်တဲ့ အတားအဆီးတွေကို တဖြည်းဖြည်း ပိုမိုလျှော့ချလာပါတယ်။ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေဟာ တခြားတိုင်းပြည်တွေမှာ ကုမ္ပဏီတွေရင်းနှီးမြှုပ်နှံဖို့ ပြုရာမှာ ကန့်သတ်တဲ့ အလားအလာရှိစေတဲ့ အတွက် အကောက်ခွန်နဲ့ မဆိုင်တဲ့ အတားအဆီးတစ်ရပ်အဖြစ် ရှုမြင်ပါတယ်။ ထင်ရှားတဲ့ အချက်ကတော့ ပိုမိုတင်းကြပ်တဲ့ ပတ်ဝန်းကျင် စည်းမျဉ်းစည်းကမ်းတွေကို ရှောင်ကြဉ်ချင်တဲ့ ကုမ္ပဏီတွေဟာ နက်ဖတာ (NAFTA) ရဲ့ အခန်း (၁၁) ကို အောင်မြင်စွာပဲ အသုံးချကြပါတယ်။

          အခန်း(၁၁) မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကာကွယ်တဲ့ အနေနဲ့ အစိုးရတွေက ကုမ္ပဏီရဲ့စက်ရုံလုပ်ငန်း အရင်းအမြစ်တွေကို ပြည်သူပိုင်မသိမ်းဖို့ အာမခံမှုကို  ရေးသားထားပါတယ်။ပတ်ဝန်းကျင် စည်းမျဉ်းစည်းကမ်းတွေ အချိန်နဲ့အမျှ ပိုမိုတင်းကြပ်လာတဲ့ အခါမှာ ဒီစည်းမျဉ်းစည်းကမ်းတွေဟာ လက်တွေ့နယ်ပယ်မှာ သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ အတွက် ပြည်သူပိုင်သိမ်းခြင်း တစ်မျိုးပါပဲလို့ ကုမ္ပဏီတွေဘက်က ငြင်းကြပါတယ်။ ဒီလို အဓိပ္ပာယ်ကောက်ယူမှုကို အခြေခံပြီး ကုမ္ပဏီတွေက အမေရိကန်၊ မက္ကဆီကို နဲ့ ကနေဒါ တို့ကို ပုဒ်မခွဲ (၁၁၁၀) အရ တရားစွဲဆိုမှုတော်တော်များများကို ပြုလုပ်ခဲ့ပါတယ်။

         ဒီတရားစွဲမှုတော်တော်များများဟာ စွန့်ပစ်ပစ္စည်းတွေကို ညမ်းညမ်းမှုလျော့နည်းအောင်လုပ်တာ နဲ့ အန္တရာယ်ရှိတဲ့ အမှိုက်တွေကို စွန့်ပစ်တာတွေ နဲ့ ပတ်သတ်နေပါတယ်။ ဥပမာတစ်ခုကတော့ မက်တယ်ကလပ် (Metalclad) ကုမ္ပဏီ နဲ့ မက္ကဆီကို အစိုးရတို့ရဲ့ တရားရင်ဆိုင်မှုပဲ ဖြစ်ပါတယ်။ အမေရိကန် ကော်ပိုရေးရှင်း ဖြစ်တဲ့ မက်တယ်ကလပ် ဟာ မက္ကဆီကိုက အန္တရာယ်ရှိ အမှိုက်တွေကို စွန့်ပစ်တဲ့ ကုမ္ပဏီတစ်ခု နဲ့ ပူးပေါင်းပြီး စွန့်ပစ်ပစ္စည်း သန့်စင်စက်ရုံကို မြို့တော် Guadaleazar မှာ တည်ဆောက်ဖို့ ၁၉၉၃ ခုနှစ်မှာ စီစဉ်ပါတယ်။ မက်တယ်ကလပ်က ဒီလို ဆောက်ဖို့ ခွင့်ပြုချက် ရှိတယ်လို့ ယုံကြည်ခဲ့တယ်။ ဒါပေမယ့် (၅) လ အကြာမှာ စည်ပင်အာဏာပိုင်တွေက ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရပ်တန့်ခိုင်းတယ်။ မက်တယ်ကလပ်က မက္ကဆီကို အစိုးရထံမှ လျော်ကြေးရလိုမှုနဲ့ ပုဒ်မခွဲ (၁၁၁၀) အရ တရားစွဲတယ်။

          တရားရုံးကတော့ မက်တယ်ကလပ်အနေနဲ့ ခွင့်ပြုချက်ရတယ်လို့ ယူဆချက်နဲ့ ဒီနေရာ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ တွေ့ရှိချက်အရ မြို့ကောင်စီအနေနဲ့ ခွင့်ပြုချက်ကို ငြင်းပယ်ခြင်းဟာ ပြည်သူပိုင်သိမ်းတဲ့ သဘောလက္ခဏာကိုဆောင်နေပါတယ်လို့ ကုမ္ပဏီဘက်ကို အလေးပေးပြီး ပြောပါတယ်။ Guadaleazar  မြို့အနေနဲ့ ပတ်ဝန်းကျင် ဘေးအန္တရာယ်ရှိစေတဲ့ အရာတွေကို ထားတဲ့ ခွင့်ပြုချက်ကို လက်မခံဖို့ စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူးလို့လည်း တရားရုံးက တွေ့ရှိခဲ့ပါတယ်။

           ဒီအမှုအပါအ၀င် တခြားတရားစွဲဆိုရင်ဆိုင်မှုတွေ အရ ဒေသခံတွေရဲ့ သူတို့ ပတ်ဝန်းကျင်မှာ အဆိပ်သင့် ပစ္စည်းတွေ လာရောက်စုပုံစွန့်ပစ်တာကို ခွင့်ပြုသင့် မသင့်ဆိုတဲ့ ဆုံးဖြတ်ဖို့အခွင့်အရေးကို နိုင်ငံတကာကုမ္ပဏီတွေရဲ့ အကျိုးအမြတ်က ကျော်လွန်လွှမ်းမိုးနေတယ်ဆိုတာ ရှင်းလင်းသွားပါတော့တယ်။

Source: Sarah A. Moore (2011)  Global garbage: waste, trash trading, and local garbage politics


Greenpeace members handcuffed together and sitting on steel drums similar to toxic waste drums outside of the Mexican Office of Environmental Protection, calling attention to the toxic waste disposal facility at Guadalcazar, San Luis Potosi, owned by the U.S. company Metalclad Corporation, Mexico City, Mexico, July 19, 1995. Activism - water, effects, environmental, disasters, United States, history, impact, soil, pesticide, chemicals, industrial, toxic, world, human, power, disposal, use, life, health http://www.pollutionissues.com/A-Bo/Activism.html#ixzz2BeN02048


No comments:

Post a Comment