ကမ္ဘာပေါ်မှာ အမှိုက်စီးဆင်းရာလမ်းကြောင်းဟာ ဝေးကွာ ခြားနားလွန်းတဲ့
နေရာတွေထိအောင်ရောက်ရှိစေပြီး ဒီကုန်သွယ်မှုကြောင့်
အမှိုက်တွေ နောက်ဆုံးစုပုံတဲ့နေရာတွေက လူတွေကို အဓိက ထိခိုက်မှုဖြစ်စေပါတယ်။ အမှိုက်ကုန်သွယ်မှုက
တကယ့်ကို နိုင်ငံတကာ ကိစ္စဖြစ်ပေမယ့် ထိခိုက်ခံရတာကတော့ ဒေသခံတွေပါ။ အဆိပ်သင့် ညစ်ညမ်းမှုတွေဟာ
ရေလွှာထုတွေကို စိမ့်ဝင်တယ်။ အမှိုက်ပုံကထွက်လာတဲ့ ရေတွေဟာ အနီးဝန်းကျင် မြေသားတွေထဲကို
စိမ့်ဝင်တယ်။ ပိုးဟတ်တွေ၊ ကြွက်တွေဟာ ဒီအမှိုက်ပုံဝန်းကျင်မှာ စုရုံးရောက်ရှိလာကြပါတယ်။
ဒီပြဿနာတွေက တဆင့် ပိုမိုကျယ်ပြန့်တဲ့
ပတ်ဝန်းကျင်ထိခိုက်မှုတွေဖြစ်စေပါတယ်။ အမှိုက်တွေကို မီးရှို့ ဖျက်စီးတဲ့ အခါမှာလည်း
ပတ်ဝန်းကျင် လေထု အရည်အသွေးကိုသာ ထိခိုက်စေတာမဟုတ်ဘဲ ကမ္ဘာကြီး ပူနွေးလာမှုကိုလည်း
ဖြစ်စေပါတယ်။ ဒါပေမယ့် ဘယ်လိုဘယ်အမှိုက်တွေကိုပဲ မီးရှို့ပါစေ၊ မီးရှို့တဲ့ အကျိုးဆက်ကြောင့် အဓိက ခံစားရတာကတော့
ဒေသခံလူထုပါပဲ။
အမှိုက်တွေကို
စုပုံရောက်ရှိစေတဲ့ မူလအကြောင်းက နည်းပညာပိုင်းဆိုင်ရာနဲ့ ဆိုင်တယ်ဆိုပေမယ့် အဓိက အကြောင်းကတော့
နိုင်ငံရေးနဲ့ ဆက်နွယ်နေပါတယ်။ အမှိုက်တွေကို စုပုံရောက်ရှိစေတဲ့ အချက်တစ်ခုကတော့ ဆင်းရဲတဲ့ လူနည်းစုတွေ နေထိုင်တဲ့ နေရာတွေမှာ မြေယာငှားရမ်းခ
သက်သာတာကလည်း အကြောင်းတစ်ချက်ပါပဲ။ ငါ့ဆီက လွတ်ရင် ပြီးရော (NIMBY -not in my back
yard) ဆိုတဲ့ အယူအဆကလည်း ဒီလိုဆင်းရဲတဲ့ အသိုင်းအ၀ိုင်းတွေအတွက်
ပိုမိုခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ကို ဖြစ်စေပါတယ်။
သူတို့ရဲ့ ၀ိုင်းပယ်အကျဉ်ခံ အခြေအနေကတော့ သူတို့ ပတ်ဝန်းကျင်မှာ
ဒီလို အမှိုက်ဖျက်စီးစက်ရုံတွေ တည်ဆောက်တာကို ကာကွယ်တားဆီးဖို့ အတွက် နိုင်ငံရေး သြဇာမရှိတာပဲ
ဖြစ်ပါတယ်။ တချို့ပြောတာကတော့ ဒါလို ဖြစ်ရတာဟာ
လူမျိုးရေးခွဲခြားမှု ပေါ်တင်လုပ်တာပဲလို့လည်း ပြောပါတယ်။ အမှန်ကတော့ ဒီကိစ္စတစ်ခုချင်းစီမှာ
နေရာဒေသအလိုက် အကြောင်းခံ အချက်အလက်တွေရှိကြပါတယ်။ ဒါပေမယ့် တချို့ဝေဖန်ဖို့ ကျန်နေခဲ့တဲ့ အချက်တွေကတော့
မညီမျှတဲ့ ဖွံ့ဖြိုးမှု၊ ဆင်းရဲတဲ့ လူနည်းစု
အသိုင်းအ၀ိုင်းတွေကို နှိမ့်ချမှု နဲ့ အမှိုက်ကိုယ်တိုင်ကကို ပြဿနာဖြစ်နေခြင်း စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
အမှိုက်
စွန့်ပစ်မှု အနည်းဆုံး သူတွေကတော့ အမှိုက်တောနားမှာ နေထိုင်ကြရပြီး သူတို့ပတ်ဝန်းကျင်က
အမှိုက်ပုံကတော့ အများဆုံးစားသုံးနိုင်မှု လူတန်းစားအလွှာတွေဆီက အမှိုက်တွေကသာ အဓိက ဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ ဂွာတာမာလာ နဲ့ မက္ကဆီကို
စတဲ့ နိုင်ငံမျိုးတွေမှာဆို ဒီလို အမှိုက်တောမှာ
နေထိုင်ကြရတဲ့ သူတွေကတော့ သန်းနဲ့ ချီရှိနေကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ နေထိုင်ကြသူတွေမှာလည်း
သူတို့ရဲ့ လူမှု ဖွဲ့တည်မှုတွေ ၊ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် ထောက်ပံ့ပေးနေတဲ့
ရပ်ရွာဒေသ အဖွဲ့အစည်းတွေ ရှိနေကြပါတယ်။ ကိစ္စတော်တော်များများမှာ ဒီအမှိုက်တောတွေက သူတို့အတွက်
နေထိုင်စရာ ပစ္စည်းတွေ ၊ စားဖို့သောက်ဖို့ နဲ့ ပြန်လည် သန့်စင်ခြင်းကနေ ၀င်ငွေတွေ ရရှိစေပါတယ်။
ဒီလို အမှိုက်တောမှာ တချို့လူတွေဟာ အတင်းအကျပ်နေထိုင်ကြရပါတယ်။
တခြားတစ်ဘက်ကို ကြည့်လျင်လည်း ခေတ်မီတဲ့ မြို့ပြနေထိုင်သူတွေဟာ ကောင်းမွန်တဲ့ ရေပိုက်စနစ်ကို
ရရှိကြပြီး သူတို့ ပတ်ဝန်းကျင်မှာ အမှိုက်ရှိနေတယ်ဆိုပေမယ့် အင်မတန်နည်းပါးပါတယ်။ သူတို့
ပတ်ဝန်းကျင်ဟာ သန့်သန့်ရှင်းရှင်းရှိနေကြပါတယ်။ ဒီလိုနေရာမျိုးမှာ သေသေချာချာလှည်းကျင်းသိမ်းဆည်းထားတော့
အမှိုက်ကို မမြင်ရသလို ဖြစ်နေပါတယ်။ သူတို့ပတ်ဝန်းကျင်မှာ အမှိုက်ရဲ့ဆိုးကျိုးကိုလည်း
မခံစားရတော့ဘူးပေါ့။
No comments:
Post a Comment